Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာထူးချွန် လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့အား တွေ့ဆုံပြောကြား

"နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို လျစ်လျူပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုမူခြင်း၊ တရားဥပဒေမဲ့ပြုခြင်းများကြောင့် မကြာသေးခင် က ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ၊ လုပ်ရပ်များကို လွှတ်တော်များက လက်မခံပါကြောင်းနှင့် ရှုတ်ချပါကြောင်း" ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာ ထူးချွန်လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့အား တွေ့ဆုံပြောကြား

နေပြည်တော်၊ ဧပြီ ၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက်(၉)နာရီတွင် လွှတ်တော်သို့ လာရောက်လေ့လာသည့် ဘက်စုံပညာထူးချွန်လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေး အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ သဘင်ဆောင်၌တွေ့ဆုံ၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူများနှင့် လေ့လာကြသူ မောင်မယ် အပေါင်းတို့ကို လွှတ်တော်က ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် လွှတ်တော်ကို အလေးထား လေ့လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့အချိန်အခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့်အညီ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်ကို တည်ဆောက်လျှက်ရှိကြောင်း။

ရွေးကောက်ပွဲမှာ အနိုင်ရရှိလာတဲ့ ပြည်သူ့ကိုယ်စားလှယ်များ(အမတ်များ)ဖြင့် လွှတ်တော်(ပါလီမန်)များကိုဖွဲ့စည်းပြီး ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက် စေတနာထား ကြိုးစားဆောင်ရွက်လျှက်ရှိပါကြောင်း၊ စေတနာ သဒ္ဓါ ထက်သန်စွာ ဆောင်ရွက်နေကြ သော်လည်း ဆောင်ရွက်ဖွယ်ရာတွေ များစွာရှိနေသေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်များအနေဖြင့် ယခုထက်ပိုသော ဇွဲ လုံ့လ ဝီရိယများ၊ အရည်အချင်းကောင်းများဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်နေပါသေးကြောင်းလည်း ဝန်ခံပြောဆိုလိုပါကြောင်း၊ ထို့အတူ စေတနာ သဒ္ဓါကောင်းများဖြင့် ပြည်ထောင်စုနိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် အဓိကထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ကတိပေးပြောကြားလိုပါကြောင်း။

ချစ်ခင်အားထားရပါသော မောင်တို့ မယ်တို့

မိမိတို့ကမ္ဘာတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် သူ့နည်း သူ့ဟန် သူ့နိုင်ငံနှင့် လိုက်လျောညီထွေရှိသော ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေကြတာ တွေ့ရလိမ့်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ကမ္ဘာတွင်အကောင်းဆုံးစနစ်ဟု မပြောဆိုနိုင်ကြသေးသော်လည်း ကမ္ဘာတွင် အများဆုံး လက်ခံကျင့်သုံးနေသည့် စနစ်ဖြစ်သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံအား တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုပါက ဒီမိုကရေစီနိုင်ငံရေးနှင့် ဈေးကွက်စီးပွားရေး စနစ်ကို စနစ်တကျ ကျင့်သုံးသွားကြရမှာဖြစ်ကြောင်း။

ဒီလိုဆိုရင် ယနေ့ ယခုနှင့် နောင်အနာဂတ်အတွက် အားကိုးအားထားပြုကြရမည့် သူများကတော့ မောင်တို့ မယ်တို့လို ကျောင်းသားကျောင်းသူများနှင့် လူငယ်များသာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီမိုကရေစီစနစ်ဆိုတာ ဘာ၊ ဒီမိုကရေစီအလေ့အကျင့်ဆိုတာ ဘာဆိုတာကို ခွဲခွဲခြားခြားသိရှိနားလည်ပြီး အမှန်တကယ် လက်တွေ့နယ်ပယ်မှာ ကျင့်သုံး နိုင်ရေးကို အလေးပေး အလေးထားဆောင်ရွက်နေကြဖို့ လိုအပ်ပါကြောင်း။

ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီစကားတွေ ဒီမိုကရေစီအရေးတွေ တွင်တွင်ပြောနေ ကြပြီး တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီအနိုင်ကျင့်မှု၊ အကျပ်ကိုင်မှု၊ အလွဲသုံးမှုများကြောင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အနှောက်အယှက် အဟန့်အတား အခက်အခဲများစွာ ကြုံတွေ့နေရတာများကိုလည်း ဝမ်းနည်းစွာ တွေ့မြင်နေကြရကြောင်း။

နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို လစ်လျူပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုမူခြင်း တရားဥပဒေမဲ့ပြုခြင်းများကြောင့် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ၊ လုပ်ရပ်များကို လွှတ်တော်များက လက်မခံပါကြောင်းနှင့် ရှုတ်ချပါကြောင်း အသိပေးပြောကြားလိုပါကြောင်း။ မည်သည့် အကြမ်းဖက်အနိုင်ကျင့်မှုမျိုးကိုမဆို ပြည်သူများကလက်မခံသလို လွှတ်တော်များကလည်း လက်ခံမှာမဟုတ်ကြောင်း အသိပေးလိုပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အတွင်းမှာ ဖွဲ့စည်း ထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ (၃)ရပ်တို့သည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တရားရေးရာ အဖွဲ့အစည်းများနှင့် အပြန်အလှန်ထိန်းကျောင်း ပူးပေါင်းဆောင်ရွက်သွားကြရေး ဆောင်ရွက် လျှက်ရှိပါကြောင်း၊ သို့မှသာ နောင်တွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားများ ငြိမ်းချမ်းစွာနှင့် ဘဝလုံခြုံမှုပြည့်ဝစွာနေထိုင်နိုင်ကြရန် အတွက်လည်းကောင်း ပြည်သူများ၏ ကိုယ်စားလှယ်များက ပြည်သူ့ အတွက် နိုင်ငံ့အတွက် အကျိုးပြုဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသော ဆောင်ပုဒ်သည် အခြေခံပညာကျောင်းများတွင် ထင်သာမြင်သာရှိအောင်ရေးထားသည့် ဆောင်ပုဒ်များဖြစ်ပြီး စိတ်ဓာတ်ကောင်းအောင် စည်းကမ်းရှိအောင် ပညာတတ်အောင် သင်ကြားသင်ယူရန် ဖော်ညွှန်းထားတာဖြစ်ကြောင်း၊ ပြည့်စုံအောင်ရယူကြစေလိုကြောင်း၊ အထူးသဖြင့် ယခုလိုကာလမျိုးတွင် စည်းကမ်း လိုက်နာကြဖို့ အရေးကြီးကြောင်း၊ စည်းကမ်းသည် ဥပဒေနှင့်တစ်ဆက်တည်းဖြစ်ကြောင်း၊ တရားမျှတသော စည်းကမ်းနှင့် ဥပဒေများကို လေးစားလိုက်နာခြင်းသည် ကြီးမားသော တန်ဖိုးနှင့် ဂုဏ်သိက္ခာရှိကြကြောင်း၊ လူတိုင်းအတွက်လည်း အန္တရာယ်ကင်းနိုင်ပါကြောင်း၊ လုံခြုံမှုလည်းရှိပါကြောင်း၊ ဒါ့အပြင် သဘောထား အမြင်မတူသည့်သူများအပေါ်တွင် နားလည်မှုရှိရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် ပြုစုထားပါမှ မိမိတို့လို လူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံအတွက် အနာဂတ်သည်  လှပမှာဖြစ်ကြောင်း။

တကယ့်နိုင်ငံသားကောင်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိပြီး မိမိ ယုံကြည် ကိုးကွယ်သည့်ဘာသာနှင့် မိမိတိုင်းပြည်အတွက် အကောင်းဆုံး အလုပ်လုပ်ကြရသူများ ဖြစ်ကြောင်း၊ လူအချင်းချင်း ချစ်ခင်ရင်းနှီးစွာပေါင်းသင်းပြီး ပူးပေါင်း ဆောင်ရွက်တတ်ရန် လိုအပ်ပါကြောင်း၊ ဒါ့အပြင် တာဝန်သိမှုနှင့် လွတ်လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးပြီး လူသားပီသသော လူသားအဖြစ် မိမိကိုယ်ကို လေ့ကျင့်တည်ဆောက်နေကြရမည်ဖြစ်ကြောင်း။

ချစ်ခင်အားထားရပါသော မောင်တို့မယ်တို့ လူငယ်အပေါင်းတို့

မိမိတို့မြန်မာနိုင်ငံသည် စနစ်ပြောင်းသွားပြီဖြစ်ကြောင်း၊ ခေတ်လည်းပြောင်းလဲနေပြီ ဖြစ်ကြောင်း၊ ခေတ် စနစ်ပြောင်းလဲ တိုးတက်မှုနှင့်အညီ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု များကို အလေးထား ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ ဥပဒေများလည်း ရေးဆွဲ လျှက်ရှိကြောင်း၊ ယနေ့အချိန်အခါတွင် မျိုးဆက်သစ်လူငယ်များရဲ့ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တမြင့်မားရေးအတွက် ပြည်သူ့နီတိ လောကနီတိ သင်ခန်းစာများ၊ ဒီမိုကရေစီစိတ်ထား ဒီမိုကရေစီကျင့်စဉ်နှင့်ဆက်နွယ်နေသော လူ့အခွင့်အရေး၊ လူ့အခွင့်အလမ်းများကို ပညာရေးသင်ခန်းစာများတွင် သင်ကြားပေးပြီး ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရေးတို့ အချိုးညီ ပြည့်ဝလာစေရန်လိုအပ်ကြောင်း၊ လူမှုစီးပွားရေးနယ်ပယ်တွင် ခိုင်မာစွာရပ်တည်ရှင်သန်နိုင်မည့် တွေးခေါ်ကျင့်ကြံ ပြုမူနေထိုင်တတ်သည့် အရည်အချင်းများ ပြည့်ဝလာစေရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံသားကောင်းတစ်ယောက်၏ အရည်အသွေးနှင့် အရည်အချင်းများ ပြည့်ဝစွာရရှိရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံသားတစ်ဦး၏ ဂုဏ်အင်္ဂါနှင့်ပြည့်စုံရေးအတွက် တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံဆောင် ရွက်ခြင်း၊ အများစု၏ဆန္ဒအား အားလုံးက လိုက်နာဆောင်ရွက်ခြင်း၊ အနည်းစု၏ဆန္ဒကို အလေးထား ခြင်းများကို လည်းနားလည်လက်ခံ ကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုလို ငယ်ရွယ် စဉ်အခါက စတင်ပျိုးထောင်ဆောင်ရွက်နေခြင်းသည် မိမိအတွက် အများအတွက် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းပြီး နိမ့်ကျနောက်ကျနေသော မိမိတို့နိုင်ငံအား ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ငံအဖြစ်ရောက်ရှိရေးအတွက်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ ၏ စိတ်စေတနာနှင့် အရည်အချင်းများဖြင့် ပါဝင်ဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦး က အမှာစကားပြောကြားပြီး ဘက်စုံပညာ ထူးချွန်လူငယ်များကိုယ်စား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကိုယ်စားပြု ကျောင်းသူ မအိအိသဉ္ဇာကျော်နှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်ဦးတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် လွှတ်တော်ရုံး တာဝန်ရှိသူများမှ လွှတ်တော်ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် များအား ရှင်းလင်းပြောကြားကာ လွှတ်တော်အတွင်း လိုက်လံရှင်းလင်းပြသပေးခဲ့သည်။

(သတင်းစဉ်)