Skip to main content

နှစ်(၅၀)ခန့်အကြာတွင် ပြန်လည်ပေါ်ထွက်လာသည့် ကင်းထောက် လူငယ်မောင်မယ်များ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလေ့လာ

နေပြည်တော်၊ ဧပြီ ၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကင်းထောက် လူငယ် လေ့လာရေးအဖွဲ့အား နံနက်ပိုင်းက ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံနှုတ်ဆက်ပြီး သြဝါဒစကား ပြောကြားခဲ့သည်။

<--break->


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားရာတွင် လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်နိုင်သမျှ ဖော်ဆောင်ပေးမည်ဆိုသည့် စေတနာကောင်းဖြင့် ရည်ရွယ်ချက်ထားရှိပြီး ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ ပိုမိုတိုးတက်အောင် ဆောင်ဆောင်ရွက်သွားမည်ဟုလည်း ကတိပေးပြောကြားလိုကြောင်း။ မိမိတို့လွှတ်တော်သည် နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ယခုထက် ပိုမိုပြီးဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၏ အရည်အချင်းကို မြှင့်တင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထပ်လောင်း အသိပေး လိုကြောင်း၊ မောင်တို့မယ်တို့သည် မိမိနိုင်ငံအပေါ် ချစ်မြတ်နိုးသစ္စာရှိပြီး နိုင်ငံ့သားကောင်းများ ဖြစ်ရန်လိုကြောင်း၊ စိတ်ထားစေတနာနှင့် လေ့ကျင့်မှုများ ပြုရန်လိုကြောင်း၊ အချင်းချင်း ဆက်ဆံဆောင်ရွက်သည့်နေရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အချင်းချင်းတစ်ဦးကို တစ်ဦးလေးစားပြီး မိမိတို့ဆောင်ရွက်ရမည့် ကိစ္စများကို ညှိနှိုင်းပေါင်းစပ်ကာ ပူးပေါင်းဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်းများ မွေးမြူရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံသည့်နေရာ တွင် လေးစားတန်ဖိုးထားပြီး မျှမျှတတခွဲခြားမှုမရှိဘဲ ချစ်ခင်ရင်းနှီးစွာ ဆောင်ရွက်ကြာ ရန်၊ အမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့် နေရာတွင် သားကောင်းသမီးမွန်များအဖြစ် ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ဆုမွန်ကောင်း တောင်းကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က ကင်းထောက်လူငယ်အတွေ့အကြုံနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြပြီး ကင်းထောက်လူငယ်များအဖွဲ့ကိုယ်စား ဆဋ္ဌမတန်းကျောင်းသူ မမြစန္ဒီစောနှင့် အဖွဲ့ခေါင်းဆောင် ဦးတင်ညိုတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ မြန်မာနိုင်ငံ၌ ၁၉၁၆ခုနှစ်တွင် အမျိုးသမီးကင်းထောက် အဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ၁၉၂၀ပြည့်နှစ်တွင် အမျိုးသား ကင်းထောက်များကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၅၀ပြည့်နှစ်တွင် ကမ္ဘာ့ကင်းထောက်အဖွဲ့နှင့် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ကင်းထောက်(Scouts) သည် သပ်ရပ်ပြီး သွက်လက်ချက်ချာသူ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချသူ၊ အမိန့်နာခံတတ်ပြီး ရိုသေကိုင်းရှိုင်းတတ်သူ၊ စည်းလုံးညီညွတ်မှုရှိသူ၊ အများက ယုံကြည်အားထားရသူ၊ စိတ်ရင်းမှန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။