Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား စင်္ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား စင်္ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

<--break->

ယင်းသို့လာရောက်တွေ့ဆုံရာတွင် ဧည့်သည်တော် စင်္ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းနှင့် အဖွဲ့ဝင်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇမ္ဗူသီရိဧည့်ခန်းမဆောင် ဥပစာမှ စောင့်ကြို၍ ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးမောင်ဦး၊ ဦးလှမြင့်ဦးနှင့် ဦးစိုးနိုင်၊ ကော်မတီအတွင်းရေးမှူး ဦးဋ္ဌေးဝင်း နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် စင်္ကာပူသမ္မတနိုင်ငံ သမ္မတနှင့်အတူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Khaw Boon Wan၊ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီး Mr. Teo Ser Luck ၊ စင်္ကာပူသမ္မတနိုင်ငံလွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chua Hian Kong Robert နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင်နှင့် စင်္ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဦးလွင်တို့ လည်း တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ-စင်္ကာပူ နှစ်နိုင်ငံလွှတ်တော်နှင့် အစိုးရများအကြား ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွ့ဆုံပွဲအပြီးတွင် ဧည့်သည်တော် စင်္ကာပူသမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။(သတင်းစဉ်)