Skip to main content

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း

၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျင်းပသော   ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ က  ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ကော်မတီအစီရင်ခံစာ တင်သွင်းခဲ့ပါသည်။

နိဒါန်း

ပြည်သူ့လွှတ်တော်က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ကို အဖွဲ့ဝင် ၁၅ ဦးဖြင့်ဖွဲ့စည်း၍ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးခဲ့ပြီး အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများအားလုံးနှင့် သက်ဆိုင်လျက်ရှိပါ သည်။ ယင်းလုပ်ပိုင်ခွင့်များတွင် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့တင်ပြရမည် ဟူသော အချက်ပါရှိပါသည်။

ဆောင်ရွက်ချက်များ

(၁)     ကော်မတီသည် ရက်သတ္တပတ်လျှင်တစ်ကြိမ် ပုံမှန်အစည်းအဝေးပြုလုပ်ခဲ့ပါသည်။(၂)     ရန်ကုန် တိုင်းဒေသကြီး၊ လွှတ်တော်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၌ ကော်မတီနှင့် ဥပဒေပညာရှင်များတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

(၃)     ကော်မတီဝင်များသည် ၂၅-၉-၂၀၁၂ ရက်နေ့တွင် တာမွေမြို့နယ်တရားရုံး၊ ၂၆-၉-၂၀၁၃ နေ့တွင် အရှေ့ပိုင်း ခရိုင်တရားရုံး၊ ၂၇-၉-၂၀၁၂ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားလွှတ်တော်များသို့ သွားရောက်ကြည့်ရှုလေ့လာပြီး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

(၄)     ၁-၁၁-၂၀၁၂ နေ့တွင် ပြည်နယ်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်များ နှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

(၅)     ၂-၁၁-၂၀၁၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် မန္တလေးတိုင်း ဒေ သကြီး တရား လွှတ်တော်များသို့ ကြည့်ရှုလေ့လာပြီး ညှိနှိုင်းဆွေး နွေးမှုများပြုလုပ်ခဲ့ပါသည်။ အမှုသည်များ၊ သက်သေများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

(၆)     ၈-၁၁-၂၀၁၂ နေ့တွင် ဥပဒေပညာဌာနမှ ပါမောက္ခများ၊ ကထိကများနှင့် ဥပဒေပညာ ပြန့်ပွားရေး၊ ဥပဒေပညာမြင့်မားရေးတို့ အတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

(၇)     ၂၆-၁၁-၂၀၁၂ နေ့တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံး၊ နေပြည်တော်ခရိုင်တရားရုံးနှင့် ပျဉ်းမနားမြို့နယ် တရားရုံးများသို့လည်းကောင်း၊

(၈)     ၄-၁၂-၂၀၁၂ နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တရားရုံးနှင့် ဒေးဒရဲမြို့နယ် တရားရုံးများ သို့လည်းကောင်း၊

(၉)     ၂၀-၁၂-၂၀၁၂ နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တရားရုံး၊ ပခုက္ကူခရိုင် တရားရုံးနှင့် မြိုင်မြို့နယ်တရားရုံးများသို့လည်းကောင်း၊

(၁၀)    ၂၆-၁၂-၂၀၁၂ နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တရားရုံးနှင့် မအူပင် ခရိုင်တရားရုံး များသို့လည်းကောင်း၊

(၁၁)    ၂၈-၁-၂၀၁၃ နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တရားရုံး၊ တောင်ကြီးခရိုင်တရား ရုံးနှင့် ပြည်နယ် တရားလွှတ်တော်ရုံးများသို့လည်းကောင်း၊

(၁၂)    ၁၁-၂-၂၀၁၃ နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တရားရုံး၊ လွိုင်ကော်ခရိုင် တရားရုံးနှင့် ပြည်နယ် တရားလွှတ်တော်ရုံးများသို့လည်းကောင်း၊

(၁၃)  ၂၈-၅-၂၀၁၃ နေ့တွင် ကရင်ပြည်နယ်တရားလွှတ်တော်ချုပ်၊ ဘားအံခရိုင်တရားရုံးနှင့် ဘားအံမြို့နယ် တရားရုံး များသို့လည်းကောင်း၊

(၁၄) ၂၉-၅-၂၀၁၃ နေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်ချုပ်၊ မော်လမြိုင်ခရိုင် တရားရုံး၊ မော်လမြိုင်မြို့နယ် တရားရုံး၊ ကျိုက်မရောမြို့နယ်တရားရုံးများသို့လည်းကောင်း၊

(၁၅)    ၁၈-၆-၂၀၁၃ နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တရားရုံး၊ သာယာဝတီ မြို့နယ်တရားရုံး၊ ဇီးကုန်းမြို့နယ်တရားရုံး၊ ပြည်ခရိုင်တရားရုံး၊ ပြည်မြို့နယ်တရားရုံး များသို့လည်းကောင်း၊ သွားရောက်ကြည့်ရှုလေ့လာပြီး အမှုသည်များ၊ သက်သေများ၊ တာဝန်ရှိသူများနှင့် မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

ယနေ့အထိ ကော်မတီသို့ ပြည်နယ်/တိုင်းအသီးသီးမှ ရောက်ရှိလာကြသော တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များမှာ ၁၁၂၅၉ ကျော်ရှိပါသည်။ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ၃၈၀၀ စောင်ရေ၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ၃၆၀၀ စောင်ရေ၊ လယ်ယာမြေသိမ်းဆည်းခံရခြင်းနှင့်စပ်လျဉ်း ၍ ၃၄၆၆ စောင်ရေ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမူရေးတို့နှင့်စပ်လျဉ်း၍ ၃၉၃ စောင်ရေစသည်တို့ဖြစ်ကြပါသည်။ ယင်းစာများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တွေ့ရှိချက်များ

တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေများနှင့်အညီ တရားစီရင်ကြရပါမည်။ ဥပဒေအချို့၏ အားနည်းချက်များကြောင့် ပြည်သူများနစ်နာလျက်ရှိနေပါသည်။ တရားစွဲအဖွဲ့အစည်းများကလည်း တရားရုံးသို့ ကူညီပံ့ပိုးပေးကြရပါမည်။ ဆက်စပ်ပတ်သက်သည့် တာဝန်ရှိသူများအားလုံး လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းကြရပါမည်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲ ကြရပါမည်။ တရားရုံး လုပ်ထုံးလုပ်နည်းများ ဖြင့်ဖြစ်စေ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများဖြင့်ဖြစ်စေ အရေးယူပေးရပါမည်။ တရားသူကြီးများအနေဖြင့် ယိမ်းယိုင်နေသော တရားရေးမဏ္ဍိုင်ကို ပြန်လည် တည့်မတ်နိုင်ရန် အဂတိတရား ၄ ပါး ကင်းရှင်းစွာဖြင့် ရဲရင့်တည်ကြည်စွာ ဥပဒေပြဋ္ဌာန်းချက်များ အတိုင်းဆုံးဖြတ်ကြရပါမည်။ ဥပဒေအရာရှိများကလည်း တရားရုံးများ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်ညီ/မညီ စိစစ်ပြီး၊ ပြည်သူများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ မနစ်နာစေရန် ဥပဒေနှင့်အညီ အကာအကွယ်ပေးရပါမည်။ ပြည်သူ့ရဲအရာရှိများကလည်း ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်းစသည်တို့အတွက် ဥပဒေပြဋ္ဌာန်းချက်အတိုင်းဆောင်ရွက်ကြပြီး အမှု မှန်ပေါ်ပေါက်ရေးအတွက် ဦးတည်ရပါမည်။

ပြည်သူ့ရဲများအနေဖြင့် လူသတ်မှုများ၊ ဖောက်ထွင်းမှုများတို့ကို မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကိုတိတိကျကျမဖော်ထုတ်နိုင်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို အဓိက ဖမ်းဆီးပြီး ရောင်းချသူများကို မျက်ကွယ်ပြုထားခြင်း၊ မူးယစ်ဆေးဝါးပြဿနာများ ကြီးထွားနေသော် လည်းဖမ်းဆီးတရားစွဲဆိုခြင်းများ နည်းပါးနေခြင်း၊ ဓာတုဗေဒကျွမ်းကျင်သူတို့ကလည်း သက်သေခံ ပစ္စည်းကို စနစ်တကျစစ်ဆေး၍ တိတိကျကျအဖြေထုတ်ပေးရန်လိုခြင်း၊ မှုခင်းဆရာဝန်များ ကလည်း မိမိတို့၏စစ်ဆေးတွေ့ရှိချက်များကို တရားရုံးများသို့ မှန်မှန်ကန်ကန်တင်ပြရန်လိုခြင်း၊ တရားရုံးတွင် အမှုလိုက်ပါဆောင်ရွက်ကြသော ဥပဒေအရာရှိများ၊ ရှေ့နေများကလည်း မိမိတို့၏ကျင့်ဝတ်သိက္ခာ ကိုစောင့်ထိန်းလိုက်နာကြရန်လိုခြင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုခြင်း၊ ဥပဒေ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၏ ပျော့ကွက်၊ ဟာကွက်ကိုအခွင့်ကောင်းယူပြီး လိုရာဆွဲမဆုံးဖြတ် ရန်လိုအပ်နေခြင်း၊ အချို့တရားရုံးများ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့်အညီမလိုက်နာခြင်း၊ တရားစီရင်ရေးဆိုင်ရာ အခြေခံမူများဖြစ်သော ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးအတွက် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်မစွက်ဖက်ရန်လိုခြင်း၊ ဥပဒေအရ တားမြစ်ချက်မှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး အမှုများတွင် ခုခံချေပခွင့်နှင့် အယူခံပိုင် ခွင့်ပေးရေးတို့ကို လေးစားလိုက်နာရန်လိုခြင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးများကလည်း  ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ဥပဒေနှင့်အညီ ရွေးချယ်မှု မရှိခြင်း၊ ပြည်သူ လူထုယုံကြည်ထောက်ခံမှုဖြင့် ဥပဒေနှင့်အညီ ရွေးချယ်ပြီးသူကိုလည်း ၎င်းတို့လိုလားသူ မဟုတ်သည့် အတွက် ခန့်အပ်မှုမပြုဘဲ ဥပဒေကိုချိုးဖောက်နေခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တပျက်ပြားမှုကို ဖြစ်စေသော KTV ဆိုင်များကို အုပ်ချုပ်ရေးပိုင်ရဲနှင့် စည်ပင်တို့က သိလျက်နှင့်လျစ်လျူရှုထားခြင်း၊ လောင်းကစားမှုများကို မသိ ကျိုးကျွန်ပြုထားခြင်း၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများသည် ဝန်ထမ်းများဖြစ်ကြ၍ ပြည်သူလူထု ကိုဗဟိုမပြုဘဲ အထက်လူကြီးများကိုသာ ဗဟိုပြုနေကြခြင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ဥပမာ- လူသတ်မှု၊ လုယက်မှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုများ ပြားနေခြင်း၊ လယ်ယာခြံမြေများကို ဥပဒေမဲ့ သိမ်းဆည်းခံထားရခြင်း၊ သိမ်းဆည်းထားသူများက သီးစားခယူပြီး လုပ်ကိုင်ခြင်း၊ လယ်ယာ မြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရခြင်းမှ ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏အစီရင်ခံစာအရ ဆုံးဖြတ်ပြီးဖြစ်သော်လည်း မူလပိုင်ရှင်များထံ ပြန်မရသေးခြင်း၊ ကျူးကျော်မှုဖြင့်ပင် ပြန်လည်တရားစွဲဆိုခံနေရခြင်း၊ ပြန်လည်မပေးအပ်နိုင်ရေး အတွက် အဆောက် အဦကို အတင်းတွန်းဆောက်နေခြင်း၊ အမှန်တကယ်လုပ်ကိုင်မည့် အင်းလုပ်သားများထံ အင်းများကို ဥပဒေနှင့်အညီလေလံမပစ်ခြင်း၊ ပြည်သူပိုင်သိမ်းထားသော ပစ္စည်းအချို့ကို ပြန်ပေးသည့် စာသာရရှိ သော်လည်း ပစ္စည်းလက်ရောက်မရခြင်း၊ အချို့မြို့နယ်များတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက တံဆိပ်ခေါင်းခွန်၊ ရုံးခွန်များ လုံလောက်စွာရောင်းချမှုမရှိခြင်း၊

သုံးသပ်ချက်များ

တရားဥပဒေစိုးမိုးရေးသည် တိုင်းပြည်အတွက် အဓိကကျသည့်အပြင် ဒီမိုကရေစီအရေး၊       လူ့အခွင့်အရေးတို့နှင့် ချိတ်ဆက် လျက်ရှိပါသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့်လည်း တိုက်ရိုက် သက်ဆိုင်လျက် ရှိပါသည်။ တရားဥပဒေစိုးမိုးရေးသည် တရားစီရင်ရေးကဏ္ဍ တစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ပါ။ အာဏာပိုင်အဖွဲ့အစည်းများ၊ တရားစွဲအဖွဲ့အစည်းနှင့် လည်းသက်ဆိုင်ပါသည်။ အာဏာပိုင်များ၏ ဖိအားပေးမှုများ၊ ဝင်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေပါသည်။ တရားရုံး၏ ဂုဏ်အင်္ဂါနှင့်ညီညွတ်စေရန် တရားရုံးနှင့် ရုံးသုံးပစ္စည်းများကိုလည်းခေတ် နှင့်အညီ အဆင့်မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ကော်မတီ၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် တရားစီရင်ရေးတွင် အုပ်ချုပ်ရေးပိုင်း၏ ဝင်ရောက်စွက်ဖက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ လျော့ပါးလာကြောင်း၊ ရှေ့နေ အသိုင်းအဝိုင်း၊ တရားရေးဝန်းကျင်နှင့် ပြည်သူလူထုအကြားတွင် ကြားသိရပါသည်။ တရားဥပဒေစိုးမိုးရေးအတွက် ဤအရှိန်အဟုန်ကိုပိုမို တိုးမြှင့်သွားရန်လိုအပ်ပါသည်။ တည်ငြိမ်းအေးချမ်းမှုပျက်ပြားစေသော အကြောင်းကိစ္စများ၊ ငြိမ်းချမ်း ရေးဖော်ဆောင်မှု အောင်မြင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ အခြေအနေမပေးသဖြင့် ကော်မတီအနေဖြင့် ယခင်က ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် ယင်းကိစ္စများနှင့် ပတ်သက်ဆက်စပ် သည့်အဖွဲ့အစည်းများ အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံတကာအကူအညီရရှိရေး၊ သင်တန်းပေးရေး တို့ကိုဆောင်ရွက်ခဲ့ပါသည်။ နောင်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဓိကဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ကြရန် လိုအပ်ပါသည်။ အထူးသဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားဥပဒေစိုးမိုးရေးလုပ်ငန်းသည် မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျော့မှုများ လမ်းညွှန်ပြောကြားနေသော် လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်းအဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော်စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက်ရှိနေခြင်းတို့ကို လေ့လာ တွေ့ရှိရပါသည်။

ကော်မတီ၏ရှေ့လုပ်ငန်းစဉ်များ အကြံပြုချက်

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအနေဖြင့် အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်ဆက်လက်ဆောင်ရွက်သွားပါမည်-

  • တရားဥပဒေစိုးမိုးရေးအတွက် စည်းရုံးခြင်း၊ ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ သင်တန်းပေးခြင်း တို့ပြုလုပ်ရပါမည်။ ပြည်သူ့အသံကိုနားထောင်ပြီး ဘက်ပေါင်းစုံမှလေ့လာရပါမည်။
  • ပြစ်မှုကျူးလွန်မှုများအား အပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရပါမည်။ ပြစ်ဒဏ် ကျခံရသူ များကိုလည်း နောက်နောင် ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကင်းလွတ် စေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ သင်ကြားပေးပြီး လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင် အောင်ဖန်တီးပေးရန်လိုပါသည်။
  • နယ်ခြားစောင့်တပ်ဖွဲ့များ စားဝတ်နေရေးပြေလည်စေရန် နယ်စပ်လုံခြုံရေးနှင့် ကြီးကြပ် ရေးပီပြင်စေရန် တို့ကို နိုင်ငံတော်အစိုးရက တာဝန်ယူဖြေရှင်းရန် လိုအပ်ပါမည်။
  • မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ‌သော ဆေးဝါးများကိစ္စနှင့် စပ်လျဉ်း၍ တားဆီး နှိမ်နင်းရေး၊ သီးနှံများအစားထိုး စိုက်ပျိုးရေး၊ မွေးမြူရေးများဆောင်ရွက်ပေးရန်၊ မူးယစ် ဆေးဝါးသုံးစွဲသူ များအား ဆေး ကုသရေး၊ ပြန်လည်ထူထောင်ရေးများဆောင်ရွက်ပေးရန်၊ မူးယစ်ဆေးဝါးကင်းစင်ရန် အသိပညာပေးရေး၊ လှုံ့ဆော်ရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရက စနစ်တကျထိထိရောက်ရောက် လုပ်ဆောင်ပေးရန် ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို မျက်ခြေမပျက်ကြီးကြပ်သွားရန် အထူးလိုအပ်ပါသည်။
  • အရပ်ဘက်လူ့မှုအဖွဲ့အစည်းများ (CSO)၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) စသည့် အဖွဲ့အစည်းများကို တင်းကျပ်သည့် စည်းကမ်းသတ်မှတ်ချက်များ မထားဘဲ တည်ထောင်ခွင့်ပေးရပါမည်။ ယင်းအသင်းအဖွဲ့များ ကလည်း ပညာပေးရေး၊ လှုံ့ဆော်ရေး၊ စည်းရုံးရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
  • အခြေအနေ၊ အချိန်အခါနှင့် မညီညွတ်သော တရားဥပဒေစိုးမိုးရေးအတွက် အဟန့်အတား အနှောက် အယှက်ဖြစ်စေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံးပြင်ဆင်သင့်ကပြင်၍ ပယ်ဖျက်သင့်က ပယ်ဖျက် ပြီးအသစ်ပြဋ္ဌာန်း သင့်က ပြဋ္ဌာန်းရပါမည်။
  • ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးတွင် ဥပဒေအာဏာတည်စေရေး (Law Enforcement) များအထူး ကောင်းမွန်စေရန် အမြဲမပြတ်ဝေဖန်ထောက်ပြရပါမည်။
  • ကျောင်းများတွင် လူမှုကျင့်ဝတ်ဆိုင်ရာသဘောတရားများ၊ ဥပဒေပညာအခြေခံများကို သင်ခန်းစာတစ်ခု အဖြစ် ထည့်သွင်းသင်ကြားနိုင်ရန် စီစဉ်သင့်ပါသည်။
  • ကုလသမဂ္ဂ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးသဘောတူညီချက် (United Nations Convention Against Corruption) အရပါလီမန်အမတ်များသည်လည်း အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးတွင် ဝင်ရောက်ဆောင်ရွက်နေကြပါသည်။ ယခုအခါ GOPAC (Global Organization For Parliamentarians Against Corruption) အဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၃၅ နိုင်ငံရှိပြီးဖြစ်ပါသည်။ အလားတူ SEAPAC( အရှေ့တောင်အာရှ ပါလီမန်အမတ်များ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့) တွင်လည်း ပေါ်ပေါက်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွတ်လပ်သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ ကိုဖွဲ့စည်း သင့်ပါသည်။ အဆိုပါအဖွဲ့များသည် CSO များ၊ NGO များစသည်တို့နှင့် လည်းကောင်း၊ အစိုးရက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက် ရေးကော်မတီနှင့်လည်းကောင်း ချိတ်ဆက်လုပ်ကိုင်နိုင်လျှင် အကျင့်ပျက်ခြစားမှု တိုက်ဖျက် ရေးပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါသည်။
  • ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခြင်း ဆိုသည်မှာ တိုင်းရင်းသားပြည်သူပြည်သားများအားလုံး ဘဝလုံခြုံမှု အတွက် စိတ်အေး ချမ်းသာစွာဖြင့် တရားဥပဒေ၏ အကာအကွယ်အတွင်းမှ လက်ရည် တပြင်တည်း နေထိုင် လုပ်ကိုင်စားသောက်နိုင်ကြမည့် ငြိမ်းချမ်းရေးမျိုးဖြစ်ရန် ရည်မှန်းချက်ထားရှိရပါမည်။ ၂၅-၇-၂၀၁၃ နေ့တွင် ကျင်းပပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ။ အားလုံး ကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက် ယနေ့ ၁၅း၀၀ နာရီအချိန်အရောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်းပေးပို့ကြရန်ဖြစ်ကြောင်းကြေညာပါသည်။