Skip to main content

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ထိုင်းနိုင်ငံ အမတ္တာကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်နှင့် အဖွဲ့အား လက်ခံတွေဆုံ

နေပြည်တော်၊ အောက်တိုဘာ ၇

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာအား ထိုင်းနိုင်ငံ၊ အမတ္တာ ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဗီခရွန်ခရိုမာဒစ်နှင့် အဖွဲ့မှ ယနေ့နံနက် (၀၉း၀၀) နာရီတွင်နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ( I- 1 ) ဧည့်ခန်းမ၌  လာရောက် တွေ့ဆုံပါသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အမတ္တာဖောင်ဒေးရှင်းမှ Food City တစ်ခု တည်ဆောက်ပေးနိုင်မည့် အစီအစဉ်များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အစီအမံများ၊ အမတ္တာ ဖောင်ဒေးရှင်း၏ လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ လွှတ်တော် အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးရင်၊ ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဒေါ်နန်းဝါနု၊ လွှတ်တော် အခွင့်အရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်ဆန်းနှင့် ဒေါ်မိမြင့်သန်း၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံ စာများစိစစ်ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်စိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ထိုင်းနိုင်ငံ၊ အမတ္တာကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် မစ္စတာဗီခရွန်ခရိုမာဒစ်နှင့် အတူ အဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။ (သတင်းစဉ်)