Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြည်တွင်းပြည်ပမီဒီယာများနှင့် အင်တာဗျူး အပိုင်း ၂

နေပြည်တော် အောက်တိုဘာ ၂၄

Street Views

မေး။ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီးတော့ လူမှုရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ၊ နိုင်ငံရေးအသင်းအဖွဲ့တွေက ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ရေးဆွဲဖို့လုပ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ တွေ့နေရပါတယ်ု။ ဖွဲ့စည်းပုံအခြေ အနေပြင်ဖို့ကို နိုင်ငံတကာကရော၊ ပြည်တွင်းကရော ပြင်ဖို့ဖိအားပေးလာမယ်ဆိုရင် နာယကကြီးအနေနဲ့ ဘယ်လိုများထင်မြင် သုံးသပ်မိပါသလဲ။

ဖြေ။ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ လုပ်နေတာရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ဦးတည်ချက်သုံးရပ်နဲ့ ချမှတ်ခဲ့ပါတယ်။ ဒီဘောင်အတွင်းကနေပြီးတော့ မိမိတို့နိုင်ငံ၊ မိမိတို့နိုင်ငံသားတွေအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထားဆောင်ရွက်နေတဲ့ အခါမှာ ပြည်တွင်းကပဲဖြစ်စေ၊ ပြည်ပကပဲဖြစ်စေ မည်သို့ ပင် ဖိအားပေးမှုရှိရှိ မိမိတို့သွားနေတဲ့လမ်းကြောင်းမှာ မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဦးတည်ချက်သုံးရပ်ကို အနည်းငယ် ရှင်းပြလိုပါတယ်။ မိမိတို့ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်ခါရေးပြီးတိုင်း တစ်ခါရေးထားတာ ဟာ တောက်လျှောက် မှတ်ယူမယ်လို့ မပြောပါဘူး။ ဒါကြာင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာသုံးသပ်ပြီးတော့ အချိန်ကာလနှင့် အချိန်ပေါ်မူတည်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး ဆွဲမယ်။ အဲလိုပဲ ဒီနေ့ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုတွေကို မထိခိုက်အောင်ဆောင်ရွက်ဖို့က နံပါတ် (၁)။ ဒုတိယ ဦးတည်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲတဲ့အခါမှာ တိုင်းရင်းသားပြန်လည်စည်းရုံးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကနေတစ်ဆင့် ယနေ့မိမိတို့လိုချင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းဖြစ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန် မပြတ်ဖော်ဆောင်နိုင်ရေးကို ချမှတ်ထားတဲ့အတွက် မိမိလျှောက်လှမ်းမယ့် လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်း သွားမှာဖြစ်ပါတယ်။

The Voice

မေး။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ ကျွန်တော်သိရသလောက်က ဒီလွှတ်တော် ကနေပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဦးဆောင်တဲ့ ဦးသိန်းဇော် ဦးဆောင်တဲ့ ကော်မတီရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့က ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ကိစ္စမှာ လွှတ်တော်ကဖွဲ့စည်းထား တဲ့ကော်မတီနဲ့ နိုင်ငံတော် အစိုးရကဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးဆောင်ရွက် တဲ့အခါမှာ ဘယ်လိုချိန်ဆက်ပြီး ဆောင်ရွက်နေလဲ သိချင်ပါတယ်။ နောက်ဥပဒေကြမ်းများ ကို ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကော်မတီများကပဲ တင်သွင်းတယ်။ အပြင်မှာ အငြင်းပွားနေတာကတော့ ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်က တင်သွင်းတယ်။ ဝန်ကြီးဌာနတွေက တင်သွင်းတယ်ဆိုတာနဲ့ ဥပဒေကြမ်းတွေကို ဘယ်ကတင်သွင်းတာ တရားဝင်တယ်ထင်ပါလဲ။

ဖြေ။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဟာ မိမိတို့လွှတ်တော်တွေမှာ စတင်စဉ်ကပင် ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုဖြစ်ပါတယ်။ အတိအကျပြောမယ်ဆိုရင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဖြစ်ပါတယ်။ အဲဒီကော်မတီမှာလဲ ဦးသိန်းဇော်က ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီမှာ အများစုက တိုင်းရင်းသားများဖြစ်ပါတယ်။ ဒီကော်မတီ နဲ့နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖြစ်ပါတယ်။ အဲဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတဖြစ်ပြီး မိမိတို့လွှတ်တော် ဥက္ကဋ္ဌများနှင့် အခြားဒုတိယ သမ္မတများကိုလည်း ဗဟိုကော်မတီထဲမှာပါပါတယ်။ အဲဒီဗဟိုကော်မတီ ရဲ့အောက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီဆိုတာ ဖွဲ့စည်းထားပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းက တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် လွှတ်တော်ကိုယ်စားပြု ဦးသိန်းဇော် (လွှတ်တော်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးဖွဲ့စည်းမှု ကော်မတီဥက္ကဋ္ဌ ) က လုပ်ပါတယ်။ လုပ်ငန်းကော်မတီမှာတော့ ဒုတိယဥက္ကဋ္ဌအဖြစ် လွှတ်တော်ကိုယ်စား ဆောင်ရွက်ပါတယ်။ အစိုးရကိုယ်စားကတော့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအောင်မင်း တပ်မတော်ကိုယ်စား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ပဲ ဖြစ်တယ်။ ဒီအပေါ်ကြည့်မယ်ဆိုလို့ရှိရင် မိမိသည်ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှု ကော်မတီမှာ အဖွဲ့ဝင်ဖြစ် သလို ဦးသိန်းဇော်သည် လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ တိုင်းရင်းသား ပြန်လည်စည်းလုံးညီညွတ်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးက မရှိမဖြစ်လိုအပ်သည့်အတွက် လွှတ်တော်အတွင်းမှာလဲ အားလုံးသိတဲ့အတိုင်းပဲ ပါတီစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ ကိုးကွယ်တဲ့ အယူစွဲတွေမထားပဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအားလုံးအတွက် မိမိတို့ပေါင်းစည်းပြီး လုပ်ကြမယ်ဆိုတဲ့ အသိနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးမှ တစ်ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို လွှတ်တော် အတွင်းမှ တစ်ဆင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဥပဒေကြမ်းနဲ့သက်ဆိုင်တဲ့ မေးခွန်းကိုပြောပါမယ်။ ဥပဒေကြမ်းများကို နည်းဥပဒေနှင့် အခြားဥပဒေ၊ လွှတ်တော်ဥပဒေကြမ်းများကို တင်သွင်းဖို့အတွက် ပြည်ထောင်စုအဆင့် တခြားအဖွဲ့အစည်းများက လွှတ်တော် ကိုယ်စားလှယ်မှ တင်သွင်းနိုင်ပါတယ်။ ထိုနည်းတူစွာ လွှတ်တော်ကိုယ်စားလှယ်များကလည်း သီးခြားဥပဒေကြမ်းများတင်သွင်းခွင့် ရှိပါတယ်။ တင်သွင်းခွင့်နဲ့ ပတ်သက်လို့ အစိုးရဌာန ပြည်ထောင်စုအဖွဲ့အစည်းများကို တင်သွင်းတာကလဲ ဥပဒေအရ ခွင့်ပြုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းတဲ့ ဥပဒေကြမ်းများကိုလည်း ဥပဒေက ခွင့်ပြုပါတယ်။ ဒါကြောင့်မိုလို့ အကျိုး သက်ရောက်မှုချင်း အတူတူပါပဲ။ သို့ရာတွင် တင်သွင်းလာတဲ့ ဥပဒေများသည် ဥပဒေကြမ်းများသာဖြစ်ပါတယ်။ ဒီဥပဒေတွေ လွှတ်တော်ထဲရောက်တဲ့အခါမှာ သက်ဆိုင်ရာ ဥပဒေကြမ်းကော်မတီများမှ ဆွေးနွေးပါတယ်။ ဒီဥပဒေများကို စိတ်ဝင်စားတဲ့ နိုင်ငံတွင်း မှာရှိတဲ့ နိုင်ငံသားတွေ  NGO အဖွဲ့အစည်းအတွေ၊ ပညာရှင်တွေက ဆွေးနွေးကြပါတယ်။ အဲလိုဆွေးနွေး ပြီးတော့ တင်လာတဲ့ ဥပဒေဟာ ပြည်သူ့လွှတ်တော်မှာ ဖြစ်စေ၊ အမျိုးသားလွှတ်တော်မှာ ဖြစ်စေ ဆွေးနွေးရပါတယ်။ အဲလိုပေါ်ပေါက်လာတဲ့ အခြေအနေတွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပါတယ်။ ပြီးရင် နိုင်ငံတော်သမ္မတဆီ ပို့ပါတယ်။ ပြောမယ်ဆိုလို့ရှိရင် ဥပဒေပြုရေးကိစ္စသည် လွှတ်တော်များရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးဆွဲထားတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍသုံးရပ်သည် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး သီးခြားဖြစ်တယ်။ ဒါကြောင့် ဘယ်ကပဲတင်တင် လွှတ်တော်ကနေပဲ ဥပဒေပြဋ္ဌာန်းရတာဖြစ်ပါတယ်။ အားလုံးလက်ခံထားတာက ဥပဒေပြုသည့် လုပ်ငန်းတာဝန်သည် လွှတ်တော်ကသာ လုပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းတွေကို ဥပဒေဖြစ်အောင် လွှတ်တော်က ဆောင်ရွက်နိုင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ ဥပဒေကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေငြာရတာ ဖြစ်ပါတယ်။ ဥပဒေပြုရေးသည် လွှတ်တော်များရဲ့ တာဝန်ဖြစ်ကြောင်း ပြောလို ပါတယ်။

ဧရာဝတီ

မေး။ ။ လွှတ်တော်ဥက္ကဋ္ဌကြီးက ဒီမိုကရေစီခိုင်မာအားကောင်းဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ကို လွှတ်တော် နာယကကြီးအနေနဲ့ ပြင်ဆင်ဖို့အချိန်ကျပြီလားလို့ တစ်ဦးတည်းဆန္ဒအရရော ထင်မြင်ပါသလား၊ ယူဆပါသလား။ နောက်မေးခွန်းက ငြိမ်းချမ်းရေး အပစ်ရပ်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကားပါမစ်တွေ ဘယ်အဖွဲ့တွေကဘယ်နှစီး၊ ဘယ်အဖွဲ့တွေက ဘယ်နှစီးဆိုပြီး သမ္မတရုံးဝန်ကြီးတစ်ယောက်ရဲ့ လက်မှတ်နဲ့တွေ့ပါတယ်။ ဒါကိုသက်သေပြလို့ မရသေးလို့ပါ။ ငြိမ်းချမ်းရေးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရပါ့မလား။

ဖြေ။ ။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ခေတ်ကာလအခြေအနေလိုက်လျောညီထွေ ရှိပြီး နိုင်ငံတိုင်း နိုင်ငံသားများ၊ အကျိုးစီးပွား အတွက် ပြင်ဆင်သင့်တဲ့ ကိစ္စတွေ ရှိနေတယ်။ ပြင်ဆင်ဖို့လိုအပ်တယ်။ ကြိုးပမ်းနေတယ်၊ ကြိုးစားနေတဲ့အခါမှာ ဦးတည်ချက် ၃ရပ်အပေါ် အခြေခံပြီး ဆောင်ရွက်နေတယ်လို့ပဲ ဖြေချင်ပါတယ်။

ငြိမ်းချမ်းရေးက တချို့ တချို့မှာ ကားပါမစ်တွေကို ပြည်ထောင်စုဝန်ကြီးရဲ့ လက်မှတ်နဲ့ တွေ့ရှိရတယ်လို့ မိမိတို့ အခုမှပဲ သိပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာ အပေးအယူ give and take ဆောင်နေလားဆိုတဲ့နေရာမှာ ဒါလည်း လက်ခံ စဉ်းစားမယ့်သူပေါ်မှာပဲ တည်မယ်လို့ ယူဆပါတယ်။

မေး။    ပြည်ခိုင်ဖြိုးပါတီကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမလားသိချင်ပါတယ်။ တကယ်လို့ ပြင်မယ်ဆိုရင် ဘယ်အချက်ကို ပြင်ဆင်သွားမလဲ သိချင်ပါတယ်။ တိုင်းရင်းသားပါတီတွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ ယူဆပါသလား။

ဖြေ။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့် တာတွေ ပြင်ဖို့၊ ပြင်လိုတဲ့ အခါမှာလည်း နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိစ္စ ဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသားပါတီတွေကလည်း သူတို့စိတ်ထဲမှာ ဒီလိုရှိမယ်လို့ ယူဆ ပါတယ်။ ပြင်မယ်လို့ ယူဆပါတယ်။

မေး။ တပ်မတော်က ဦးဆောင်ပြီးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်မယ့်အပိုင်းမှာ တပ်မတော်က ဘယ်အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်မှာလဲ။

ဖြေ။ ဒီလိုပြင်ဆင်တဲ့နေရာမှာ ပါတီအသီးသီး၊ အစိုးရအဖွဲ့အစည်းအပါအဝင် အဖွဲ့အစည်းအသီးသီး၊ တပ်မတော်အပါအဝင် မိမိတို့ဖွဲ့စည်းပုံ လေ့လာသုံးသပ်ပူးပေါင်းရေးကော်မတီက အဆိုပြုမှုတွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေ အားလုံး တောင်းခံထားပါတယ်။ တောင်းခံ စုစည်းပြီးတဲ့အခါမှာ လေ့လာသုံးသပ်ရေးကော်မတီ စုစည်းပြီးတော့ သူတို့ရဲ့သုံးသပ်ချက်တွေကို ပြည်သူ့လွှတ်တော်ကို ပြန်တင်ပြမယ်။ ပြည်သူ့လွှတ်တော်ရောက်တဲ့ အခါမှာ ပြည်ထောင်စုလွှတ်တော်ရဲ့တင်ပြချက်တွေပေါ်မူတည်ပြီးတော့ သုံးသပ်ချက်အပေါ် မူတည်ပြီးတော့ ပြင်သင့်ပြင်ထိုက်တဲ့ကိစ္စတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးမှာလည်း ပူးပေါင်းကော်မတီဖွဲ့စည်းထားသလို တပ်မတော်သား ကိုယ်စားလှယ်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့လည်း သီးခြားဆွေးနွေးချင်တယ်၊ တင်ပြချင်တယ်ဆိုရင် တပ်မတော်ကိုလည်း အခွင့်အရေးပေးထားပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့တွေကိုလည်း အခွင့်အရေးပေးထားပါတယ်။ အဲ့အတိုင်းပဲ နိုင်ငံသားအားလုံးကိုလည်း အခွင့်အရေးပေးထားပါတယ်။

မေး။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးဆိုပြီး လူထုဆန္ဒခံယူပွဲတွေ ပြုလုပ်လာတာ ရှိပါတယ်။ အခုလက်ရှိအခြေအနေမှာ ပြင်ဆင်ရေးကို အဓိက လူထုထောက်ခံမှုရတယ်လို့ သတင်းရထားတယ်။ လူထုထောက်ခံပွဲတွေကို ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမြင်လဲ သိချင်တာပါ။ နောက်မေးခွန်းတစ်ခုအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ် မနေပြင်ရမယ် ဆိုရင် ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုအကြောင်းအရာကို စတင်ကိုင်တွယ်သွားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ လူထုဆန္ဒခံယူတာနဲ့ပတ်သတ်လို့ သဘောထားမေးမယ်ဆိုလျှင် လူထုဆန္ဒခံယူတာ လူဘယ်နှယောက်ဆန္ဒခံယူနိုင်မှာလဲ၊ နိုင်ငံမှာ လူသန်း ၆၀ ရှိတယ်။ သန်း ၆၀ ထဲမှာ မဲပေးနိုင်တဲ့လူဦးရေ ဘယ်လောက်ရှိလဲ။ အဲဒီလူအားလုံးဆန္ဒခံယူမှာလား၊ ဒါ့ကြောင့် ဒီကိစ္စဟာ လိုအပ်တဲ့အလုပ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ အားလုံးစဉ်းစားလို့ရပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲဖို့ စပြီးတာဝန်ရှိတာက ပြည်ထောင်စုလွှတ်တော်မှာ စပြီးတာဝန်ရှိတာ။ ပြည်ထောင်စု လွှတ်တော်ကနေပြီး ဒါကိုပြင်ဖို့ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းရရှိပြီးရင် ပြည်သူအားလုံးမှာလဲ တာဝန်ရှိတယ်။ ပြင်မယ့်ကိစ္စကို ပြည်သူအားလုံးပါဝင်ဖို့၊ ပြည်သူအားလုံးပါတဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့ လိုပါတယ်။ ရှေ့နဲ့နောက်ညီဖို့ လိုပါတယ်။ မလိုဘဲနဲ့ အချိန်ကုန် ဇဝေဇဝါဖြစ်စေမယ့် အလုပ်မျိုးလုပ်တာကတော့ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ သိမှာဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောပါမယ်။ ဒီနေ့ခေတ်စနစ်နဲ့ လိုက်လျောညီထွေ မရှိဘူး။ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက်ဖြစ်တယ်ဆိုတဲ့ကိစ္စ ဖြစ်တယ်။ ပြီးတဲ့အခါမှာ ဒီနေ့တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စမှတဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားတယ်ဆိုရင် ဒါတွေပြင်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်တဲ့နေရာမှာ အရှိန်အဟုန်ပျက်ပြားစေမယ့် ကိစ္စမျိုးအတွက်ပဲ ပြင်ဖို့ အတွက်ပဲ ဖြစ်တယ်။ ဘယ်ပုဒ်မ၊ ဘယ်ပုဒ်မ ဆိုတာကို သီးခြားဖော်ပြဖို့မရှိပါဘူး။ ဒီကိစ္စတွေသည် အခြေခံဥပါဒေလေ့လာသုံးသပ်ရေးကော်မတီရဲ့ တင်ပြချက်ပေါ်မူတည်ပြီး စဉ်းစား သွားရမှာဖြစ်ပါတယ်။

ပေါ်ပြူလာနယူးစ်ဂျာနယ်

မေး။ မြန်မာနိုင်ငံကဘယ်သူပဲသမ္မတလုပ်လုပ် ဒီစနစ်ကြီးကိုဖြတ်သန်းရမှာပါ။ ခုထပ်တွေ့ရတာ က နိုင်ငံတော်သမ္မတ အပြောင်းအလဲလုပ်တာတွေပါတယ်။ ဝန်ကြီးတွေ ဟိုရွှေ့လိုက်၊ ဒီရွှေ့လိုက် ဌာနပြောင်းလုပ်ပါတယ်။ ဒါတွေတော်တော်များများ တွေ့ရပါတယ်။ Miss Management ဖြစ်နေ ပါတယ်။ သိချင်တာက ဥက္ကဋ္ဌကြီး သမ္မတအဖြစ် ရည်မှန်းထားသူဖြစ်တာကြောင့် စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကအပိုင်းကဏ္ဍကသူတွေကို ကျွန်တော်တို့ ဥက္ကဋ္ဌကြီးက ဘယ်အတိုင်း အတာအထိ နေရာပေးမယ်သိချင်ပါတယ်။ ဝန်ကြီးဌာနတွေမှာပါ ဘယ်လိုနေရာပေးမယ် သိချင်ပါတယ်။

ဖြေ။ လက်ရှိအစိုးရအနေနဲ့ စီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး ထင်သလောက်ခရီးမပေါက်သေးဘူး။ တိတိကျကျပြောမယ်ဆိုရင် Miss Management ဖြစ်တယ်ဆိုတာ၊ သက်ဆိုင်တယ်ဆိုတာ ဟုတ်သလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ခုနက ပြောသလိုပေါ့၊ နေရာပြောင်းရွှေ့ထားမှုအပါအဝင် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကိစ္စတွေ လူထုတွေ မျှော်လင့်ထားသလို မဖြစ်သေးတော့ အမှန်ပဲ လို့ဝန်ခံရမှာပဲ။ ဒါကလဲ ပြီးခဲ့တဲ့အတိတ်ကာလရဲ့ ဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာတွေလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်မယ့် အစား လောလောဆယ် ကိုယ့်ဟာကိုယ်ပဲ သုံးသပ်မယ်ဆိုရင်တော့ စီမံခန့်ခွဲမှုဆိုင်ရာနဲ့ အုပ်ချုပ်မှုဆိုင်ရာမှာ အားနည်းနေသေးတယ်၊ အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့လိုတယ်၊ အဲလိုပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပါးစပ်နဲ့မရပါဘူး။ စာရေးပြီးပြောရုံနဲ့လည်းမရပါဘူး။ လက်တွေ့ဆောင်ရွက်ဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုပိုင်းကို သီးသန့်၊ သူတို့ရဲ့ Mind Set တွေပြောင်းဖို့၊ ပြီးလို့ရှိရင် သူတို့ရဲ့ Behaviour (အပြုအမူ)တွေ ပြောင်းဖို့၊ သူတို့ရဲ့ Concept တွေ ပြောင်းဖို့လိုပါတယ်။ အဲဒီအတွက် အချိန်ပေးရမယ်။ ဒီကိစ္စတွေ ဆောလျင်စွာ ဆောင်ရွက်ရမယ့် ကိစ္စတွေပဲဖြစ်ပါတယ်။ တက်ရောက်လာတဲ့အသင်းအဖွဲ့တွေ သတိထားမိပါလိမ့်မယ်၊ မိမိတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တယ်ဆိုရင် နိုင်ငံရေးတစ်ခုတည်းနဲ့ မရဘူး။ စီးပွားရေးပြုပြင်ပြောင်းလဲရေးလိုတယ်။ လူမှုရေးပြုပြင် ပြောင်းလဲရေးလိုတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုအပိုင်းကိုလည်း ပြောင်းလဲဖို့လိုတယ်။ အဲလိုပြောတဲ့အခါမှာ (1) Mind Set (2) Behaviour (3) Concept ပြောင်းလဲနေမယ်။ ပြောင်းပေးတဲ့အခါမှာ လက်တွေ့ကြပ်မတ်ဆောင်ရွက်ဖို့လိုပါတယ်။

တပ်မတော်နဲ့ပတ်သက်ပြီး ဒီနေ့ကာလမှာ တပ်မတော်သည် တပ်မတော်ရဲ့အဓိကတာဝန်ကို အဓိက ထမ်းဆောင် ရမှာဖြစ်သလို ဝန်ထမ်းများသည်လည်း ဝန်ထမ်းများရဲ့အဓိကတာဝန်ကို ထမ်းဆောင်ရပါမယ်၊ တပ်မတော်သည်လည်း ဝန်ထမ်းအစိတ်အပိုင်း တစ်ခုဖြစ်တယ်။ သူရဲ့တာဝန်က တခြားတာဝန်များနဲ့ မတူပါဘူး။ ဒါပေမယ့် မိမိတို့ရည်မှန်းချက်၊ မိမိရည်မှန်းချက်လို့ပြောမယ်ဆိုရင်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ထမ်းဆောင်တဲ့ ဝန်ထမ်းဟာ အောက်ခြေဝန်ထမ်းများမှ ဟိုးအထက်ဆုံးဖြစ်တဲ့ ညွှန်ချုပ် အထိ အဲဒီဌာနက လူတွေဟိုဟာပြောင်း ဒီဟာပြောင်းမဖြစ်စေနဲ့၊ လိုအပ်လို့ လုပ်တယ်ဆိုလို့ရှိရင်လည်း အနည်းဆုံးလိုအပ်ချက်ပဲဖြစ်ရမယ်။ အဲဒါမှ မဟုတ်ရင် အချင်းချင်းစိတ်ဝမ်းကွဲမယ်။ ဒါမှမဟုတ် မိမိတို့ရဲ့ မျှော်လင့်ချက်တွေကို ကြားကနေ နေရာယူခြင်းဖြင့်လည်း သူတို့ရဲ့ စိတ်ဓာတ်ရေးပိုင်းမှာ ထိခိုက်သလို အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကင်းမဲ့သွားတဲ့အတွက် စည်းလုံးညီညွတ်မှုက ထိခိုက်နိုင် တဲ့အတွက် ဒါကိုလည်း ရှေ့လျှောက် သတိထားဆောင်ရွက်ရမယ်လို့ ပြောချင်ပါတယ်။

Yangon Times

မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက် အားလုံးပါဝင်ဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မယ် ဆိုလို့ရှိရင် ဘယ်လိုအချက်တွေကတော့ ခေတ်စနစ်နဲ့ မလျော်ညီဘူး၊ ဒီအချက်တွေကို ပြင်ဖို့လိုတယ်လို့ ထိုအချက်တွေကိုရော ပြည်သူတွေကိုရော ချပြမှာလား သိချင်ပါတယ်။

ဖြေ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုနားလည်ဖို့က တော်တော် ခက်တယ်။ အခု တချို့ဆိုရင် သာမန်ပြည်သူမဟုတ်ဘဲနဲ့ Elite အဖွဲ့အစည်းတွေကိုပင်လျှင် သေချာမဖတ်ရင် နားမလည်နိုင်ဘူး။ နားမလည်နိုင်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေကို ချပြပြီး ဆန္ဒယူတဲ့အခါမှာ နားလည်အောင် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ရှင်းပြဖို့ လိုတာပေါ့။ ဘယ်အချက် အချက်တွေကို ပြင်ဆင်ဖို့လိုလဲ ဆိုတဲ့နေရာမှာ လောလောဆယ် မိမိက စကားဦးသန်းပြီး မပြောချင်ပါဘူး။ ပြောနိုင်တာကတော့ ဦးတည်ချက်သုံးခုကပဲ ပြောနိုင်ပါတယ်။ လူတွေချပြတဲ့နေရာမှာ တင်ပြလာတဲ့နေရာမှာ ပြည်သူတွေ သိကြမှာပါ။ တင်ပြတဲ့အပေါ်မူတည်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာပြီးတော့ ပြောင်းလဲဖို့ကိစ္စက ပြည်သူတွေ ပြန်ကြားရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  ပြည်သူတွေကို ပြန်ကြားနိုင်အောင် စီစဉ်ရမှာလဲ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့စဉ်

မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အချက်တစ်ချက်ကိုပြင်ဖို့ဆိုရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း မှ ထောက်ခံမှု က လိုအပ်နေပါတယ်။ ယခုဖွဲ့စည်းပုံပြင်ဖို့အတွက် ဥက္ကဋ္ဌကြီးအနေနဲ့ တပ်မတော်ဘက်ကို ပါဝင်လာဖို့ တိုက်တွန်းမှုရှိလား သိချင်ပါတယ်။ လက်ရှိလွှတ်တော်က ပြဋ္ဌာန်းမယ့် တိုင်းရင်သား အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအတိုင်း တိုင်းရင်းသားငြိမ်းချမ်းရေးကို ဘယ်လောက်ထိ အထောက်အကူပြုနိုင်မလဲ သိချင်ပါတယ်။

ဖြေ။       ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်တွင်မကဘူး တခြားအဖွဲ့အစည်း အသီးသီးတွေက လေ့လာသုံးသပ်ပြီးတော့ ပြင်သင့်တာတွေပြင်မှ၊ ပြောင်းသင့်တာပြောင်းမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်မယ်ဆိုတာကို ပြောပြထားပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်သားတွေလဲ အားလုံးသိရှိပြီးဖြစ်တယ်လို့ယူဆပါတယ်။ နောက် မေးခွန်းအဖြေက ဒီနေ့လည်းထုတ်ပြန်ချက်ထဲမှာပါတယ်။ တိုင်းရင်းသားအခွင့်အရေး ကာကွယ်တဲ့ဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပြဋ္ဌာန်းဆောင်ရွက် ရမယ်ဆိုတာ မှာပါတယ်။ ဒါပေမယ့်ဒီမှာမရှိဘူး။ ခေတ်အဆက်ဆက်မှာ လည်းမရှိဘူး။ ဒီနေ့လွှတ်တော် ထဲမှာ ဆွေးနွေးတာရှိပါတယ်။ ဒီအခွင့်အရေးတွေက သတ်မှတ်ပြဋ္ဌာန်းထားမှ အခုပြောတဲ့ အပြောမျိုး၊ အဖြစ်မျိုးမဖြစ်မှာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဒီအခွင့်အရေးဟာ တိုင်းရင်းသားပြန်လည်စည်းလုံးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဖြစ်ထွန်းနိုင်ပါတယ်။

မြန်မာတိုင်း(မ်)

မေး။ အထူးသဖြင့် တပ်မတော်ပါဝင်မှု ၂၅ ရာခိုင်နှုန်းကိစ္စပါ။ ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီတစ်ချို့က စီစဉ်နေကြပါတယ်။ တစ်ချို့တိုင်းရင်သားပါတီများက ၂၅ ရာခိုင်နှုန်းကို ၂၀၁၅ မှာ လျော့ချလို့မရမယ့်အတူတူ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ကို ၆၅ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းဝန်းကျင်လောက်နဲ့ ပြင်ဆင်ချက်ကိုတင်သွင်းသွားမယ်လို့ ကြားပါတယ်။ အဲ့ဒီအပေါ်မှာ ဥက္ကဋ္ဌကြီးအမြင်ပြောပေးပါ။

ဖြေ။ ဒီလိုတွေးခေါ်မြော်မြင်တဲ့ကိစ္စတွေလည်း ကောင်းမွန်တဲ့ကိစ္စတွေဖြစ်ပါတယ်။ သို့သော် အဆုံးဖြတ် ကတော့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်ပြီးတော့ နိုင်ငံသူနိုင်ငံသားတွေက ဆက်လက်ဆောင်ရွက် ရမယ့် ကိစ္စတွေဖြစ်ပါတယ်။

မေး။    နာယကကြီးရဲ့ တစ်ဦးတည်းသဘောအရဆိုရင်ရော ဘယ်လိုရှိပါသလဲ။

ဖြေ။ လွှတ်တော်နာယကတစ်ယောက်အနေနဲ့ ကြိုပြောမယ်ဆိုလို့ရှိရင် ကျန်တဲ့ဘက်ကို လွှမ်းမိုးမှာဖြစ်တာကြောင့် လောလောဆယ် စိတ်ထဲမှာ ရှိပေမယ့် ထုတ်မပြောပါရစေနဲ့။

မေး။    ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်တဲ့အခါမှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေရဲ့ သဘောထားကို ဘယ်လို ရယူသွားမလည်း သိချင်ပါတယ်။

ဖြေ။     ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ သဘောထားကို ရယူပြီးတဲ့အခါမှာ ပြောတဲ့ ဦးတည်ချက် သုံးရပ်ဘောင်အတွင်းကပဲ စဉ်းစားရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်မယ်။ ပြင်တဲ့ အခါမှာ ဒီမိုကရေစီ လုံးဝ ဖြစ်အောင်ပြင်မယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်မယ်ဆိုရင်လည်း ပြင်သင့်လား၊ မပြင်သင့်ဘူးလား စဉ်းစားရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီအတိုင်းပဲထားမယ်။ အဲလိုပဲထားလိုက်လို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်စီးမယ်ဆိုရင်ပြင်ရမှာပါပဲ။ ပြင်လိုက်လို့သွားထိခိုက်မယ်ဆိုရင် ထားရမှာပဲ။ အဲဒီချိန်ဆမှုက အရေးကြီးပါတယ်။ ထိုနည်းတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်လို့ ငြိမ်းချမ်းရေးအတွက် အထောက် အကူပြုသွားမယ် ဆိုရင်လည်း ပြင်ဖို့စဉ်းစားရမယ်။ ဆောင်ရွက်တဲ့နေရာမှာ ဉာဏ်ရယ်၊ ပညာရယ်၊ အမြော်အမြင် ရယ် လိုအပ်ပါတယ်၊ မည်သူမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်ဆို တင်ပြဆွေးနွေးနိုင်ပါတယ်။

မူရင်းသတင်း=> ပြည်ထောင်စု နေ့စဉ်သတင်းစာ