Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြည်တွင်းပြည်ပမီဒီယာများနှင့် အင်တာဗျူး အပိုင်း ၁

နေပြည်တော်၊ အောက်တိုဘာ (၂၄)

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် လွှတ်တော်အဆောက်အအုံ၌ သတင်းမီဒီယာများနှင့်တွေ့ ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ယနေ့နိုင်ငံရေးအခြေတို့နှင့် စပ်လျဉ်း၍ သိလို၍ မေးမြန်းသည်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

<--break->

7Day။      ။    ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်တုန်းက ပြီးခဲ့တဲ့ အစိုးရရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးကို သွားရောက် ဂါရဝပြုခဲ့ပါသလား။ နောက်တစ်ခုက ဗိုလ်ချုပ်မှူးကြီးနဲ့ နာယကကြီးတို့ တွေ့တဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ လက်ရှိနိုင်ငံရေး ပြုပြင် ပြောင်းလဲမှုမှာ အားမရတဲ့အချက်မျိုး ပြောတာရှိပါသလား၊ ရှိခဲ့လို့ဆိုရင်လည်း ဘယ်လိုအချက်မျိုးလဲ သိချင်ပါတယ်။ လက်ရှိနိုင်ငံရေး မှာရော ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပါဝင်ပတ်သက်မှုမျိုးရှိပါသလား။

အဖြေ ။       ။     ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိမိတို့ရဲ့လူကြီးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမိသားစုကို မိမိတို့မိသားစုက သွားရောက် ဂါရဝပြုပါတယ်။ အဲလိုပြောတဲ့အခါမှာ လူကြီးတစ်ယောက်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် စေတနာနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် အကျိုးရလဒ်ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ၊ စေတနာကို မိမိတို့ လေးစားတန်ဖိုးထားရမည်။ ရလဒ်ကို မိမိတို့ကြိုက်ချင်မှ ကြိုက်မယ်။ ဒီပေါ်မူတည်ပြီးတော့ သင်ခန်းစာယူပြီး ဆက်လက်ဆောင်ရွက်ရပါမယ်။ လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေမှုကို ဘေးကနေ စိတ်ဝင်စားစွာ စောင့်ကြည့်တဲ့ သဘောရှိပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်လည်း သူ့မှာ စိုးရိမ်စိတ်တွေရှိပါတယ်။ ဒါကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့၊ နိုင်ငံအကြီးအကဲတစ်ယောက် အနေနဲ့ သူရဲ့ အမှန်ပကတိအတိုင်း ခံစားဆောင်ရွက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်အနေနှင့် နိုင်ငံရေးနှင့် ပတ်သက်မှု မရှိပါဘူး။ အကယ်၍ စိတ်ထဲမှာ ရှိရင်လည်း လက်တွေ့သူလုပ်ဆောင်လုပ်မရပါဘူး။ နိုင်ငံရေးကိုတော့ ဒီနေ့နိုင်ငံရေးအရ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေ၊ ပြောရမယ်ဆိုရင် ဥပဒေပြုရေး ကိစ္စ၊ အုပ်ချုပ်ရေး ကိစ္စ၊ တရားစီရင်းရေးကိစ္စ သီးခြားဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်စရာမရှိပါဘူး။ နိုင်ငံရေးနဲ့လည်း ပတ်သက်မှုမရှိပါဘူး။

The Voice ။     ။ အင်တာနက်သတင်းတွေအရဆိုရင် သမ္မတကြီး ဦးသိန်းစိန်ကနေ နောက်သမ္မတ သက်တမ်းနေရာမှာ ရွေးချယ်ခြင်း မပြုတော့ဘူးဆိုတာကို လွှတ်တော်နာယကကြီးကို ကိုယ်တိုင်ပြောပါ သလား။

အဖြေ။   ။  နိုင်ငံတော်သမ္မတကြီးအနေနဲ့ လာမယ့် ၂၀၁၅ သက်တမ်းမှာ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတနေရာကို အရွေးမခံတော့ဘူးဆိုတဲ့သတင်းသည် မိမိကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောဆိုပါတယ်။ ဒါကြောင့်မို့လို့ လူကြီးတစ်ယောက်ပြောတာဟာ အင်မတန်မှ တည်ကြည်ပါတယ်။

ဒါကြောင့် ၂၀၁၅မှာ ရွေးကောက်ပွဲကာလမှာ လက်ရှိသမ္မတ ဦးသိန်းစိန်သည် ဝင်ရောက်အရွေးမခံဘူးဆိုတဲ့ စကားက မိမိကို ပြောကြားတာက အမှန်ဘဲ ဖြစ်ပါတယ်။

မြန်မာတိုင်း(မ်)။  ။       ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၂၀၁၅မှာ ကျောက်တန်းမြို့နယ်ကနေပြီးတော့ ဝင်အရွေးခံမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအပေါ်အမြင်ပြောပြပေးပါဦး။

ဖြေ။    ။တကယ်လို့ အဲဒီသတင်းထွက်လို့ မှန်တယ်ဆိုရင်လည်း သူ့ရဲ့အခွင့်အရေးပါပဲ။ သူရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ သူရွေးချယ်ခံရခြင်း ရှိ/မရှိဆိုတာ ပြည်သူများ၏ အဆုံးအဖြတ်ဖြစ်ပါတယ်။ မိမိအနေနဲ့ သီးခြားမှတ်ချက် မရှိပါဘူး။

ဧရာဝတီ။     ။လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်တယ်လို့ ရေပန်းစားနေတဲ့ လွှတ်တော်နာယကကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ရှိ ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ)မှာ သမ္မတအရည်အချင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် မှာ မကိုက်ညီတဲ့ အတွက် ဒီရွေးကောက်ပွဲက Free and Fair ဖြစ်ခဲ့တောင်မှ သူ့အတွက် မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ပထမတစ်ချက်ကတော့ ရွေးကောက်ပွဲမှာ Free and Fair တရားမျှတပြီး လွပ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရင်တော့ ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ)အရ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလားဆိုတာကို မေးခွန်းနှင့် ပတ်သက်ပြီးတော့ Free and Fair ဖြစ်ဖို့ ဆောင်ရွက်ဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်။ တစ်ဦးတည်းဆန္ဒတင်မကပါဘူး။ လွှတ်တော်များရဲ့ဆန္ဒကလည်း ဒီအတိုင်းပါဘဲ။

RFA။။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းပြီး ဖိအားပေးဖို့ တိုက်တွန်းကြောင်းပြောသွားပါတယ်။ နိုင်ငံတာက သတင်းမီဒီယာတွေမှာလည်း သမ္မတ အရည်အချင်း ကန့်သတ်ချက်ပယ်ချဖို့ ဝိုင်းပြီးရေးနေကြပါတယ်။ အဲဒီအပေါ်မှာ ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်ရဲ့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ မဟုတ်ဘဲ Political Leader တစ်ယောက်အနေနဲ့ မှတ်ချက်ပေးတာ လိုချင်ပါတယ်။ နောက်မေးခွန်းတစ်ခုအနေနှင့် ဥက္ကကြီးက ကြံ့ခိုင်ရေးပါတီမှာလည်း ဥက္ကဋ္ဌဖြစ်ပြီး အရင်အစိုးရဲ့ တပ်မတော်မှာလည်း အဆင့်(၃) အဆင့်ရှိခဲ့တော့ ပုဒ်မ ၅၉(စ)က နိုင်ငံရေးအရရော၊ အမျိုးသားလုံခြုံရေးအရရော ဘယ်လိုပတ်သက်နေလဲဆိုတာ ဥက္ကဋ္ဌကြီးရဲ့ ဆုံးဖြတ်ချက်ကို သိချင်ပါတယ်။

ဖြေ။    ။ နိုင်ငံခြားမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် အခြားကိစ္စအတွက် ဖိအားပေး ဆောင်ရွက်တဲ့ ကိစ္စဟာ သူ့ရဲ့တစ်ဦးချင်းဆောင်ရွက်ချက် ဖြစ်ပါတယ်။ ဒီအတွက်တော့ အထူးဝေဖန်စရာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မိမိတို့ ယုံကြည်ယူဆတဲ့ အပေါ်မူတည်ပြီးတော့ သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ဆောင်ရွက်တဲ့ ကိစ္စကလဲ သက်ဆိုင်ရာကာယကံရှင်ရဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒီအတွက်လည်း မိမိအတွက် ဘာမှ ထူးထူးခြားခြားမရှိပါဘူး။ သူ့ရဲ့ဆန္ဒ၊ သူရဲ့စိတ်ကြိုက် လုပ်ခွင့်ရှိတဲ့ အရာ ဖြစ်တယ်။ ဘာမှသီးခြားဝေဖန်စရာမရှိပါဘူး။ ခုနက သီးခြားပုဒ်မ ၅၉ (စ)နဲ့ ပတ်သက်လို့ ဒီဟာလည်း စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပတ်သက်လို့ ထပ်ကြည့်မယ်ဆိုရင် ပတ်သက်ခြင်း၊ မပတ်သက်ခြင်းက ပေါ်လွင်မှာ ဖြစ်တဲ့အတွက် ဒါနဲ့ ပတ်သက်လို့ မိမိရဲ့ အမြင်ကို ထုတ်ဖော်ပြောစရာမရှိသေးဘူး။

Trade Time     ။       ။ ၂၀၁၅မှာ အဘက သမ္မတဖြစ်ချင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် အဘရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ အသံထွက်တာမျိုးကြားရပါတယ်။ အဲဒီအပေါ်မှာ အဘ clear ဖြစ်တယ်လို့ အာမခံနိုင်ပါသလား။

ဖြေ။    ။        ပြောနိုင်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ၊ အဲဒီအချိန်မှာ မိမိရဲ့သားသမီးတွေ အရွယ်ရောက်လာပြီး စီးပွားရေးလုပ်ဖို့လိုတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဥပဒေဘောင်အတွင်းမှာ စီးပွားရေးလုပ်ဖို့ မည်သူမဆို အခွင့်အရေးရှိတယ်၊ အလုပ်မလုပ်ဘဲဘယ်ကငွေနဲ့ စားမလဲ၊ ဒါကြောင့် မိမိ ဗိုလ်ချုပ်ကြီး ဘဝမှာ (သူတို့) စီးပွားရေးလုပ်မယ် ပြောတော့ အားပေးခဲ့တယ်။ လုပ်တိုတဲ့နေရာမှာ ဥပဒေနဲ့အညီဖြစ်ရမယ်။ အခွင့်အရေးပိုမယူရဘူး။ တချို့ပုဂ္ဂိုလ်တွေက ပြောတယ်။ ဒါဆိုရင်မသင့်ဘူး၊ အမျိုးမျိုးပြောပါတယ်။ စေတနာအရလာပြီးတော့ ပြောတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်ရမယ်။ အလုပ်မလုပ်ဘဲ ဘာနဲ့စားမလဲ။ နိုင်ငံသားတစ်ယောက်အခွင့်အရေး အဆုံးအရှုံးခံလို့ မဖြစ်ဘူး။ လုပ်တဲ့အခါ ဥပဒေနဲ့ညီဖို့လိုတယ်။ ဥပဒေအပြင်မရောက်ရဘူး။ ပြီးတဲ့အခါ လူကြီး သားသမီးမို့လို့ အခွင့်အရေးပိုမယူရဘူး။ ဒီလိုသတ်မှတ်ပေးတယ်။ ဒီနေ့သူတို့ ထိုက်သင့်တဲ့ အခြေအနေရောက်တယ်။ ပြောရဲတယ်။ သေချာတယ်။ ကိုယ့်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းမှာ မလျော်တာသုံးပြီး ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ နာယကအဖွဲ့ဝင်တစ်ယောက်အနေနဲ့လဲ အခွင့်အရေးပေးပြိး ခိုင်းခဲ့တာမရှိဘူး။ ဒါမိမိဘက်က။ သူတို့တွေ စီပွားရေး တရားဝင်လုပ်နေကြတယ်။ ရတဲ့ဝင်ငွေကနေ အခွန်အကောက်ဆိုင်ရာတွေကို ဥပဒေနဲ့အညီဆောင်ရွက်ခိုင်းထားတယ်။ ဒါနဲ့ပတ်သက်ပြီး မိမိအတွက် မိမိတာဝန်ယူတယ်။ ကလေးတွေအတွက် ကလေးတွေ တာဝန်ယူနိုင်အောင် လုပ်ထားတယ်။ အချိန်မရွေး အစစ်ခံနိုင်အောင် လုပ်ထားတယ်။ အချိန်မရွေး လာရောက်လေ့လာနိုင်တယ်။

ဧရာဝတီ။    ။     နောက်ဆုံးမေးခွန်းကတော့ ဥက္ကဋ္ဌကြီးရဲ့ ၂၀၁၅ ရည်မှန်းချက်က သမ္မတကြီးဖြစ်ဖို့ ရည်မှန်းထားတယ် ဆိုတော့ နိုင်ငံတော်သမ္မတဖြစ်ဖို့အတွက် ဘယ်လိုမျိုးစတင်ဆောင်ရွက်ပြင် ဆင်နေလဲဆိုတာ သိချင်ပါတယ်။ တကယ်လို့သာ သမ္မတတာဝန်ကို ရယူခဲ့မယ်ဆိုရင် ပထမဆုံး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအနေနဲ့ ဘယ်ဟာကို အရင်ဆုံး လုပ်ဆောင်ချင်လဲ။

ဖြေ။    ။        သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။ ဒီနေ့ မိမိဆောင်ရွက်ချက်က နိုင်ငံနဲ့ နိုင်ငံတော် အကျိုးစီးပွားအတွက်ပဲ ရှေးရှုပါတယ်။ ဒီလိုနိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်နေတဲ့ လူတစ်ယောက်အဖို့ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ဖို့က ဘာမှ ခက်ခဲစရာမရှိပါဘူး။ နိုင်ငံတော် သမ္မတတာဝန်ကို ရည်မှန်းပြီး ဆောက်ရွက်တယ်ဆိုတာထက်ပိုပြီး ပြည့်စုံအောင် ပြောမယ်ဆိုလို့ရှိရင် မိမိတစ်နေရာမှာ ပြောဖူးပါတယ်။ နိုင်ငံတော်သမ္မတဟာ နိုင်ငံနဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ အထိရောက်ဆုံးနေရာ၊ အရေးအပါဆုံးနေရာဆိုလို့ရှိရင် ဒီနေရာလိုချင်တယ်။ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားဖော်ဆောင်ရန်အတွက် ဖော်ဆောင်ဖို့ဆိုရာတွင် နိုင်ငံတော်သမ္မတ မဟုတ်ဘူး။ တခြားနေရာက နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင် ပေးနိုင်မယ့်နေရာမျိုးဆိုရင် အဲဒီနေရာကို လိုချင်တယ်လို့ မိမိပြောခဲ့ ဖြေခဲ့ပါတယ်။

ဒီနေ့လည်း ဒီရည်ရွယ်ချက်အတိုင်းပါပဲ။ အရေးကြီးတာက နိုင်ငံနဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို လုပ်ပေးချင်တာဖြစ်တဲ့အတွက် ဘယ်လိုတာဝန်ပေးပေး မိမိကျေပွန်အောင် ထမ်းဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ထို့ပြင် မိမိရဲ့ ဘဝတစ်လျှောက် တွေ့ကြုံလာတဲ့ အတွေ့အကြုံတွေ၊ ထိုအတိုင်းပဲ ဗဟုသုတတွေ၊ ဒါတွေ မိမိရည်မှန်းချက်အောင်မြင်ရေးအတွက် များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ မိမိအပေါ်မှန်မှန်ကန်ကန် ယုံကြည်သူများရဲ့ အားကလည်း သမ္မတဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ ဘာတာဝန်ထမ်းဆောက်တာပဲဖြစ်ဖြစ် ယုံကြည်မှုကလည်း အရေးကြီးပါတယ်။ လုပ်ငန်းအတွက် အောင်မြင်နေမယ်လို့၊ ဖြစ်နိုင်တဲ့ လုပ်ငန်းအတွင်း ယုံကြည်နေပါတယ်။ အထူးပြင်ဆင်စရာမလိုပါဘူး။ မိမိစိတ်ထားအမှန်အတိုင်းပဲ နိုင်ငံတော်နဲ့ တိုင်းပြည်အကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းသည် အင်မတန်မှ မွန်မြတ်တယ်၊ ပြင်ဆင်ဖို့အတွက် လုံလောက်တယ်လို့ ယူဆပါတယ်။

မူရင်းသတင်း=> ပြည်ထောင်စု နေ့စဉ်သတင်းစာ