Skip to main content

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ Unocal Myanmar Offshore Co.Ltd ဥက္ကဋ္ဌ နှင့်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက်

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး ဦးသိန်းလွင်နှင့် ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးကြည်သာတို့သည် Unocal Myanmar Offshore Co.Ltd ဥက္ကဋ္ဌ Chevron Asia South Business Unit ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သော Mr. Mariano Vela နှင့်

<--break->

အဖွဲ့ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (သောကြာနေ့) နံနက် ၉ နာရီအချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်မှ Unocal အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်မှာ နှစ် (၂၀) ခန့်ရှိပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်လာသော အခြေ အနေများကြောင့် အနောက်နိုင်ငံများမှ ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းသွားပြီဖြစ်ရာ Unocal အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရေနက်ပိုင်း လုပ်ကွက်များတွင် ပါဝင်ရန် အဆိုပြုမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ကော်မတီဥက္ကဋ္ဌက Unocal နှင့် မိမိတို့ အတူလက်တွဲလုပ်ကိုင်ခဲ့သည်ကို သတိရလျှက်ရှိပါကြောင်း၊ ဆက်လက် ပူးပေါင်းမည့် အစီအစဉ်များကို သိရသဖြင့် ဝမ်းသာပါကြောင်း ပြောကြားပါသည်။

ကော်မတီအတွင်းရေးမှူးက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားတိုးတက်လျက်ရှိရာ သဘာဝ ဓာတ်ငွေ့လိုအပ်မှုလည်း ပိုမိုလိုအပ်လာပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ဆိုင်ရာရေနံကုမ္ပဏီများနှင့် ပြန်လည် ညှိနှိုင်းဆွေးနွေးကာ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသော သဘာဝဓာတ်ငွေ့များအနက် မြန်မာပြည်တွင်း သုံးစွဲမှု အတွက် ထပ်မံရရှိရေး ဆွေးနွေးရန်ရှိပါကြောင်း၊ Unocal မှလည်း ဝိုင်းဝန်းကူညီပါရန် ပြောကြားရာ ဧည့်သည်မှ မြန်မာနိုင်ငံမှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့ကို မြန်မာပြည်အတွက် ဦးစားပေးရန်ကို သဘောပေါက် ပါကြောင်း ပြောကြားသည်။

ကော်မတီအတွင်းရေးမှူး ဦးသိန်းလွင်က အခြားနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အတွေ့ အကြုံများကို ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များအတွက် ရယူလိုပါကြောင်း၊ နိုင်ငံ၏ ရေရှည် စွမ်းအင် လုံခြုံရေးအတွက် LNG Terminal များ တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးရာ ဧည့်သည်က မိမိတို့သဘောပေါက် နားလည်ပါကြောင်း၊ အတွေ့အကြုံများလည်းရှိပါကြောင်း၊ မိမိတို့ ကုမ္ပဏီတွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ယခုလိုတွေ့ဆုံခွင့် ရရှိသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားပါသည်။ (သတင်းစဉ်)