Skip to main content

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၄/၂၀၁၃) တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာ (Myanmar Parliamentary Union) အစည်းအဝေး (၄/၂၀၁၃) သို့တက်ရောက်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အတူ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွ့ဲဝင်၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ပဉ္စမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များကို ဆွေးနွေး တင်ပြသည်။

ယင်းနောက် အဖွဲ့ဝင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများက အသီးသီးဆွေးနွေး တင်ပြကြပြီး၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ အတွင်းရေးမှူး ဦးနန္ဒကျော်စွာက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

 

မှတ်တမ်းဓါတ်ပုံများ