Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း မန္တလေးဒေသခံပြည်သူများနှင့်တွေ့ဆုံ

မန္တလေး၊ နိုဝင်ဘာ ၉

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း ရှိ ဒေသခံပြည်သူများ၊ တွေ့ဆုံဆွေနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီ တွင် မန္တလေးမြို့၊ ၆၆လမ်းနှင့် ၂၆လမ်းဒေါင့်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးဇော်မြင့်ဖေ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးရဲမြင့် ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအုန်းသန်း နှင့်ဒေါက်တာဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ပါတီ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ မြို့မိ၊မြို့ဖများ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကမှ အမှာစကားပြောကြားရာတွင် ပြည်သူ့ဆန္ဒများကို  လွှတ်တော်တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပြည်သူများကရွေးချယ် ပေးသည့် ပြည်သူ့ကိုယ်စားလှယ် များသည် ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဟူသည့် လွှတ်တော်ဆောင်ပုဒ် အတိုင်း ပြည်သူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရန် အမြဲဆွေးနွေးဆောင်ရွက်လျက် ရှိနေပါကြောင်း၊ လွှတ်တော် ကျင်းပချိန်အတွင်း ပြည်သူတို့၏ အသံများကို ကြားသိရရုံမျှမက လွှတ်တော် ရပ်နားချိန်တွင်လည်း ပြည်သူလူထုနှင့် ပိုမိုရင်းနှီးစွာ ထိတွေ့နိုင်ရန် ပြည်သူတို့၏ အသံများကို ကြားသိလိုသဖြင့် ယခုကဲ့သို့ ရောက်ရှိလာရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် ပြည်သူတို့ အကျိုးစီးပွား ဖြစ်ထွန်းစေသော ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကို ဆောက်ရွက်လျက် ရှိပါကြောင်း၊ ပါတီစွဲ၊ဝါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲများ ကင်းရှင်းပြီး ပြည်သူ့အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်း၍ မည်သည့် ပါတီကမဆို တင်ပြလာသည့် အဆိုတင်ပြချက်များကို နိုင်ငံနှင့်နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် တင်ပြသည်ဟု ယုံကြည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်တွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိ နေပါကြောင်း၊ လွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များသည် ပါတီ(၁၇)ခုကို ကိုယ်စားပြုလျက်ရှိရာ ပါတီအချင်းချင်းသည် နိုင်ငံတော် နှင့်နိုင်ငံသားများ ၏ အကျိုးစီးပွားကို လက်တွဲဖော် ဆောင်ပေးမည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပါကြောင်း၊ ပါတီအကျိုးနှင့် ယှဉ်လျှင် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေ့ရှုအကောင် အထည်ဖော် ဆောင်ကြရမည် ဖြစ်ကြောင်း၊ အတိတ်ကာလက ခါးသီးသည့် အတွေ့အကြုံများကို  သင်ခန်းစာယူ၍ ယနေ့ခေတ် ကာလတွင် အားလုံး အတူတကွလက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရှေ့ခရီးတွင် ပါတီစုံပါဝင်ရန်လိုအပ်ကြောင်း၊ ပါတီတိုင်း မှန်ကန်သည့် အတွေးအခေါ်နှင့် မှန်ကန်သည့် လုပ်ရပ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်မှ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ (၇၀%)သော လူအများစုမှာ တောင်သူလယ်သမားများပင်ဖြစ်ပါကြောင်း၊ လူများစု ဆင်းရဲမှုလျော့နဲ ရန် ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ပါမှ အခြားကဏ္ဍများတွင် ဘက်စုံဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်ပါကြောင်း၊ အများစု တောင်သူလယ်သမားများအတွက် တောင်သူလယ်သမား အခွင့်အရေးနှင့်အကျိုးစီးပွား ကာကွယ်သည့် ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသည့် လယ်ယာမြေများအတွက် စိုက်ပျိုးစရိတ်များ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲလျက် ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများအထွက် ကောင်းရန် သက်ဆိုင်ရာဌာန၊ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီကြရန် လိုအပ်ကြောင်း၊ တောင်သူ လယ်သမားများသည် နိုင်ငံတော်၏ မူလထုတ်လုပ်သူများဖြစ်ကြောင်း၊ လက်မှု လယ်ယာမှ စက်မှု နိုင်ငံတော်တည်ဆောက်ရန် အဆင့်များအား အောင်မြင်စွာ ကျော်ဖြတ်ရန် လိုအပ်ကြောင်း၊ ခေတ် အဆက်ဆက် တောင်သူလယ်သမားများ အပေါ် တင်ကျန်ခဲ့သည့် အကြွေးများအား ပြန်ဆပ်ရန် အစိုးရ အဖွဲ့တွင် သာမက မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း။

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ပေါ် ပေါက်ခဲ့ ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ရန် လွှတ်တော်တွင် ပူးပေါင်းကော်မတီ တစ်ရပ်ဖြင့် လေ့လာဆန်းစစ် သုံးသပ်လျက်ရှိပါကြောင်း၊ဤကိစ္စနှင့်ပတ်သက်၍ ပညာရှင်များ ပါတီကိုယ်စားလှယ်များ အားလုံးက ဝိုင်းဝန်းအကြံပြုရန် ပန်ကြားပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရမည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရမည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မပျက်စီး စေဘဲ အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး၊ တောင်သူလယ်သမားအခွင့်အရေး ၊ ဖဲ့Gစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို လေ့လာ သုံးသပ်ပြီး ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံသားများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝိုင်းဝန်းဖြေရှင်းရန်လိုကြောင်း၊ စိတ်ကောင်းစေတနာကောင်း များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်သည် ပြည်သူများက ရွေးချယ်သည့် ကိုယ်စားလှယ်များဖြစ်သည့်အတွက် ပြည်သူ့ အကျိုးကို ဆောင်ရွက်လျက်ရှိနေပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  အတွင်းရေးမှူးမှ တိုင်းဒေသကြီး၊ နယ်မြေဒေသ ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသောဒေသခံပြည်သူများက လိုအပ်ချက် များကို တင်ပြကြသည်။ ၎င်းနောက် ပြည်ထောင်စုလွှတ်တော် နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြည့်စွက် ရှင်းလင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ် အမှာ စကား ပြောကြား ကာတွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ် ဆက် ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မန္တလေးခရီးစဉ် မှတ်တမ်းဓါတ်ပုံများ