Skip to main content

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ IDACA မှ Executive Director ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင် သည် IDACA မှ Executive Director Mr. Masahiro Konno နှင့် အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော် ရှိ ပြည်သူ့ လွှတ်တော် ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ဂျပန်နိုင်ငံမှ  အီဒါကာ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လာရောက် ကူညီ ဆောင်ရွက်ပေး လိုသည့် စိတ်ကောင်းစေတနာကောင်းများရှိသည်ကို သိရှိရသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်အနေဖြင့် ကူညီလုပ်ဆောင်နိုင်သည့် ကိစ္စရပ်များရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အလားတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လည်း ပေါင်းကူးဆက်သွယ်ဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ စက်မှုလယ်ယာ သုံးပစ္စည်းကိရိယာများနှင့် တောင်သူလယ်သမားများအား စက်မှုလယ်ယာကူးပြောင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ နည်းပညာများနှင့်  ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အတွင်းရေးမှူး ဦးအောင်သန့်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးသောင်းဟန်၊ ဦးတင်လှိုင်၊ ဦးညွှန့်လှိုင်၊ ဦးတင်ဌေးအောင်၊ ဦးမောင်မောင်စိုး (၁)၊ ဦးမောင်မောင်စိုး(၂)၊ ဦးကင်းစိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဦးကြည်သာ၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းနှင့်  ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက်