Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြှော်

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အဖွဲ့သည် ဧပြီလ (၂၇) ရက်နေ့ နံနက် (၁၁) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ လင်ကွန်း ဘုရားကျောင်း၌ ကိန်းဝပ် စံပယ်တော်မူလျှက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်အား သွားရောက်ဖူးမြှော် ကြည်ညိုခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက သည် ဗုဒ္ဓစွယ်တော်မြတ်အား ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ တို့ဖြင့် ဆပ်ကပ် လှူဒါန်းပူဇော်ခဲ့သည်။ ၎င်းနောက် ဆရာတော် Shin Chan Zang အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့သည် ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ည (၉) နာရီအချိန်တွင် ဆက်လက်ထွက်ခွာခဲ့ကြရာ ကူမင်းမြို့သို့ ဒေသစံတော်ချိန် ည (၁၂း၁၀) နာရီ အချိန်တွင် ရောက်ရှိခဲ့ကြသည်။

ကူမင်းလေဆိပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း) ကောင်စစ်ဝန်ချုပ် ဦးအောင်မြင့်ထွန်းနှင့် ဇနီး၊ သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်