Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော် နာယက က ကောင်းမွန်သော ဆက်ဆံရေးရှိမှသာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး အပါအဝင် နယ်စပ်ဒေသငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် စီပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ ဖလှယ်မှုများ၊ ကုန်သွယ်မှု တိုးမြှင့်မှုများအပြင် နှစ်နိုင်ငံ အချင်းချင်း ယဉ်ကျေးမှုများ ရှိခဲ့ပါကြောင်း၊ ယနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် မှုဝါဒသည် ယနေ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် မှုဝါဒများသည် ကောင်းမွန်၍ လက်တွေ့ကျပါကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးကို တရုတ်နိုင်ငံမှ လေးစားလက်ခံထားသည်ကို မိမိတို့မှ သိရှိထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်ကို နားလည်လက်ခံ အားပေးသည်ကို သိရှိရ၍ ဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမှ ပြောကြားရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ၏ကောင်းမွန်သော ဆက်ဆံရေးသည် ရှေးအဆက်ဆက် နိုင်ငံခေါင်းဆောင်များက ဂရုတစိုက် ဆောင်ရွက်ခဲ့သည့် ဆက်ဆံရေးဖြစ်သည့် အတွက် မိမိတို့ မျိုးဆက်သစ်များ အနေဖြင့်လည်း ကောင်းမွန်သည့် အမွေအနှစ်များကို ဆက်ခံဖို့လိုပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှုကြီး(၅)ရပ်နှင့် ဘန်ဒေါင်းညီလာခံမှ ချမှတ်သော မှု(၁၀)ချက်မှာ ကောင်းမွန်သည့် အစဉ်အလာများ ဖြစ်သည့်အတွက် ဆက်လက်အကောင်အထည်ဖော်ရမှာ ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး၊ နယ်မြေတည်တံခိုင်မြဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါတွေဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတနှင့်အတူ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနဝန်ကြီး မစ္စတာ ဝမ်ကျားရွေ့နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေရေးရာဌာန အထွေထွေ အတွင်းရေးမှူး မစ္စတာ တင် ရွှေရှောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်