Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့၌ ကြည့်ရှုလေ့လာ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာ လွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကွမ်ကျိုးမြို့ရှိ ကန်တုံတာဝါ (Canton Tower) သို့ သွားရောက်လေ့လာကြရာ ကန်တုံတာဝါ (Canton Tower) ဒုတိယအထွေထွေမန်နေဂျာ Mr. Wu Hao Zhong နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံရှင်းလင်း ပြသကြသည်။ ကန်တုံတာဝါသည် အာရှတွင် တတိယအမြင့်ဆုံး တာဝါတစ်ခုဖြစ်ပြီး အထပ်ပေါင်း ၁၁၈ ထပ်ရှိကာ ၆၀၀ မီတာခန့်မြင့်သည်။ ၎င်းတာဝါအား (၅)နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ကန်တုံတာဝါမှနေ၍ ကွမ်ကျိုးမြို့ရှုခင်းအား ကြည်ရှုခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့ဝင်များသည် ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် ကွမ်ကျိုး မြို့ LEAFUN HI - TECH COMPANY သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက် ကွမ်ကျိုးမြို့ Yushu Community သို့ ရောက်ရှိကြရာ အုပ်ချုပ်ရေးမှူး Mr. Xie Jie Ying က လိုက်လံရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ကွမ်ကျိုးမြို့ ဖွံ့ဖြိုးတိုးတက်ရေးဇုံသို့ ဆက်လက်ထွက်ခွာခဲ့ရာ ပြခန်းအတွင်းရေးမှူး မစ္စတာ ချန်းကျယ်ဇီနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော်နာယက နှင့် အဖွဲ့ဝင်များသည် ကွမ်ကျိုးမြို့မှ လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပြီး လေဆိပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးသစ်လင်းအုန်း၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး မြင့်သိန်း နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ခေတ္တတည်းခိုမည့် ပေကျင်းမြို့ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) သို့ ရောက်ရှိကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်