Skip to main content

၁၃၇၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပခြင်း

၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ မုခ်ဦးဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ-အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ ဂဏမဟာ ဝိနာယကသကျသီဟ သာသနဟိတ ဝုဏဝိသိဋ္ဌသာသနဓဇ၊ သိရိပဝရ ဓမ္မာစရိယ ဘဒ်ဒန်တကဝိသာရ အမှူးပြုသော သံဃာတော်အရှင်မြတ်တို့ ကြွရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော် မူကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်မြတ်များထံ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမှူးပြုသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ဇနီးဒေါ်ခင်လေးသက်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၁၇ ရက်

ဓာတ်ပုံများ