Skip to main content

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်တို့အား အမှူးထား၍ စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားများကျင်းပ

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်း၊ ဇနီးဒေါ်ခင်လေးသက်နှင့် အလှူရှင်တို့က နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများ၏ သားလှရတနာ ရှင်သာမဏေလောင်း (၅၇၇) ပါးတို့အား ရှစ်ပါးပရိက္ခရာ စုံလင် စွာဖြင့် မြတ်ဗုဒ္ဓ၏ သာသနာတော်အတွင်း ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခြင်း စုပေါင်းရှင်ပြုပွဲကို ဇေယျာသီရိမြို့နယ် အတွင်း ဧပြီလ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပလျက် ရှိသည်။

ဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အလှူတော်မင်္ဂလာမဏ္ဍပ်၌ ရှင်သာမဏေလောင်း (၁၆၇) ပါးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခဲ့သည်။

ထို့အတူ ဧပြီလ (၄) ရက်နေ့ နံနက်ပိုင်းတွင်  ကျောက်ချက်ကျေးရွာ ဓမ္မသုခ လယ်ပြင်ဦး ကျောင်းတိုက်၌ ရှင်သာမဏေလောင်း (၉၇) ပါးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခဲ့သည်။

အလှူတော်မင်္ဂလာအဝင်နေ့များတွင်  ညနေပိုင်း၌ ရှင်လောင်းလှည့်ခြင်း၊ ရှင်လောင်းများဆံချခြင်း၊ ရှင်သာမဏေများအား သင်္ကန်းတောင်း၊ သင်္ကန်းစည်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အလှူတော် မင်္ဂလာနေ့များ တွင် နံနက်ပိုင်း၌ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ ရှင်သာမဏေများအား အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ပင့်သံဃာများအား လှူဖွယ်ဝတ္ထုဆက်ကပ် လှူဒါန်းခြင်းနှင့် ရေစက်ချ တရားနာခြင်း၊ ပင့်သံဃာများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။

ထို့အတူ ဧပြီလ (၅) ရက်နေ့တွင် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာ ရွှေကျောင်း၌ ရှင်သာမဏေလောင်း (၁၉၅) ပါးတို့အားလည်းကောင်း၊ ဧပြီလ (၆) ရက်နေ့တွင် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာ ဝိဇ္ဇာသိပ္ပံကျောင်းတိုက်၌ ရှင်သာမဏေလောင်း (၁၁၈) ပါးတို့အားလည်းကောင်း၊ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခြင်း အလှူတော်မင်္ဂလာတို့ကို ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါအလှူတော်မင်္ဂလာအခမ်းအနားများသို့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်း၊  ဇနီးဒေါ်ခင်လေးသက်နှင့် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ်အတွင်း မှ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၆ ရက်