Skip to main content

မြို့ပြဆိုင်ရာရေပေးဝေခြင်းအား လေ့လာခြင်း

အကျဉ်းချုပ်
လူတိုင်းအတွက် ရေသည်မရှိမဖြစ်လိုအပ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ မြို့ပြများတွင် နှစ်စဉ်လူဦးရေ တိုးတက်လာခြင်းနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာခြင်းတို့ကြောင့်ရေသုံးစွဲမှုပိုလာပြီး သောက်သုံးရေမလုံလောက်မှု နှင့် ရေရှားပါးမှုပြဿနာများကို နှစ်စဉ်ကြုံတွေ့နေရပါသည်။
လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် ယခုအခါလူဦးရေ (၆) သန်းနီးပါးနေထိုင် လျက်ရှိရာ တစ်နေ့တာရေပေးဝေမှုပမာဏမှာ ရေဂါလန် (၂၀၅) သန်း ဖြစ်ပါသည်။ ထိုပမာဏ ဖြင့် တစ်မြို့လုံးအတိုင်းအတာကို ရေဖူလုံအောင် ပေးဝေနိုင်ခြင်း မရှိသေးပါ။ ရန်ကုန်မြို့တွင် ၂၀၄၀ ပြည့်နှစ်၌ လူဦးရေ (၁၀) သန်းဖြစ်လာနိုင်သည့်ဟု ခန့်မှန်းထားသည့်အတွက် ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
ဤစာတမ်းတိုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်နေမှုများ၊ စီမံကိန်းသစ်ဖော်ဆောင်နေမှုများ၊ ရေပေးဝေရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း ဆွေးနွေးမှုများ၊ ပြည်သူလူထု၏အမြင်များ၊ နိုင်ငံအချို့၏ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှု အချက်အလက်များကို စုစည်းပြုစု၍ လွှတ်တော်ကိုယ်စားလှယ်များအား အထောက်အကူပြုနိုင် စေရန် ရေးသားထားခြင်း ဖြစ်ပါသည်။

နိဒါန်း
၁။    ယနေ့ ကမ္ဘာပေါ်ရှိ လူဦးရေ (၁.၇) ဘီလီယံသည် အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းမှု ရရှိနိုင် ခြင်းမရှိသေးပါ။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ (၅.၂) ဘီလီယံခန့်အထိ တိုးမြင့်လာနိုင် သည်ဟု ပညာရှင်များက ခန့်မှန်းထားပြီး တိုးပွားလာမည့် လူဦးရေအတွက် ရေအရင်းအမြစ်များ မလုံလောက်မှုကို ပညာရှင်များက စိုးရိမ်လျက်ရှိပါသည်။ အလားတူ ၂၀၅၀ ပြည့်နှစ်တွင် အာရှ လူဦးရေ၏ (၃.၄) ဘီလီယံခန့်သည် ရေနှင့်စပ်လျဉ်းသည့် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည် ဟု ခန့်မှန်းထားကြပါသည်။
၂။    ရေကိုအခြေခံသည့် စီးပွားရေးကို ဖန်တီးသွားရန်နှင့် ရေနှင့်ဆက်နွယ်သော သဘာဝ အန္တရာယ်များ စီမံခန့်ခွဲမှု၌ ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်သွားရန် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါသည်။
၃။    မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး၊ မြို့ငယ်များတွင် ရေနှင့်စပ်လျဉ်းသော အခက်အခဲများစွာကို နှစ်စဉ်ကြုံတွေ့နေရပါသည်။ မြို့ပြလူဦးရေတိုးပွားလာခြင်း၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ တိုးတက်များပြားလာခြင်းနှင့် မြို့ကြီးများတွင် လူနေမှုစနစ် ပြောင်းလဲလာခြင်းတို့ကြောင့် လူတိုင်းအတွက် ရေဖူလုံစွာရရှိနိုင်ရေးသည် ကြီးမားသောလိုအပ်ချက်ကြီးတစ်ခု ဖြစ်နေပါသည်။  မြို့ပြများဖွံ့ဖြိုး လာခြင်းနှင့်အတူ ရေသုံးစွဲမှုများပြားလာခြင်းကြောင့် ရေလိုအပ်ချက်ပမာဏမြင့် တက်လာပြီး ရေအရင်းအမြစ် လျော့နည်းကျဆင်းလာမှုကြောင့် ရေလိုအပ်ချက်ပြဿနာများသည် မြို့ပြနေလူထုအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်စေပါသည်။
ရေပေးဝေမှုစနစ်များ
၄။    ရေပေးဝေခြင်း စနစ်(၂) မျိုးရှိရာ မြို့ပြရေပေးဝေရေးစနစ်နှင့် ကျေးလက်ရေပေးဝေရေးစနစ် တို့ဖြစ်ပါသည်။ မြို့ပြရေပေးဝေရေးစနစ်ဆိုသည်မှာ မြို့ပြနေလူထုအတွက် လုံလောက်သောရေ ပမာဏရရှိရေး၊ လုံခြုံစိတ်ချ၍ သန့်ရှင်းသော ရေအရည်အသွေးရရှိရေး၊ အသုံးပြုမည့်သူများ အလွယ်တကူရရှိစေရေး စသည်တို့ကို စီမံချက်များဖြင့် စနစ်တကျရေပေးဝေသည့် စနစ်ဖြစ်ပါ သည်။
မြို့ပြရေပေးဝေရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ
၅။    မိမိတို့နိုင်ငံတွင် မြို့ပြရေပေးဝေရေးလုပ်ငန်းများကို အောက်ပါအဖွဲ့အစည်းများမှ ဆောင် ရွက်လျက်ရှိပါသည်-
(က)    နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊
( ခ )    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
( ဂ )    မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊
(ဃ)    တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စည်ပင်သာယာရေးကော်မတီတို့ ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေရှားပါးမှုနှင့် ရေလိုအပ်ချက်များပြားရခြင်း အကြောင်း အရင်း
၆။    ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ်ရေရှားပါးမှုကြုံတွေ့ရသည့် မြို့နယ်များမှာ တွံ့တေး၊ ကော့မှုး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံဆိပ်ကမ်းမြို့နယ်များနှင့် အခြားမြို့နယ်များတွင် နှစ်စဉ်ရေရှားပါးခြင်း ပြဿနာများကို ကြုံတွေ့ရလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလိုအပ်ချက်ပမာဏ များပြားရသည့် အကြောင်းအရင်းမှာ-
(က)    မြို့ပြလူဦးရေနှစ်စဉ်တိုးတက်မှုနှုန်းများပြားခြင်း၊(Population and future growth)
( ခ )    လူနေအိမ်သုံးစွဲမှုများပြားခြင်း၊ (Residential demand)
( ဂ )    လူမှုအဖွဲ့အစည်းဆိုင်ရာ ရေသုံးစွဲမှုများပြားခြင်း၊(Institutional demand)
(ဃ)    စီးပွားရေးလုပ်ငန်း ရေသုံးစွဲမှုများပြားခြင်း၊(Commercial demand)
( င )    စက်မှုလုပ်ငန်းတွင် ရေသုံးစွဲမှုများပြားခြင်း၊(Industrial demand)
( စ )    မီးသတ်ရေသုံးစွဲမှုများပြားခြင်း၊(Fire fighting purpose)
(ဆ)    မြေယာရှုခင်းရေသုံးစွဲမှု များပြားခြင်း၊(Landscapingpurpose) စသည်တို့ကြောင့် ရေလိုအပ်ချက် များပြားရခြင်းဖြစ်ပါသည်။
လက်ရှိရေပေးဝေနေမှုအခြေအနေ
၇။    လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့အတွင်း လက်ရှိလူဦးရေ (၆) သန်း နီးပါးရှိရာ တစ်ရက်လျှင် ရေဂါလန် (၂၀၅) သိန်း ပေးဝေလျက်ရှိသော်လည်း ရန်ကုန်တစ်မြို့လုံးအနေဖြင့် ရေဖူလုံအောင် ပေးဝေနိုင်ခြင်း မရှိသေးပါ။  ရန်ကုန်တစ်မြို့လုံးသို့ ရေလှောင်ကန်များမှ နေ့စဉ် ရေပေးဝေနေမှုပမာဏများကို ဖော်ပြပါအတိုင်း လေ့လာသိရှိနိုင်ပါသည်။  
၈။    မြေမျက်နှာပြင်ပေါ်ရှိရေများကို ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်တမံများမှ ရေဖြန့်ဖြူးပေးလျက်ရှိပါသည်။ အဝီစိတွင်းရေအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေတွင်း (၄၄၂) တွင်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။ မြို့နယ် (၁၂) ခုတွင် ရေကန် နှင့်အိုင်ငယ်ပေါင်း (၂၆၁) ခုရှိရာ အသုံးပြုသည့် ရေကန်နှင့်အိုင်ငယ် အရေအတွက်သည် (၁၀၈)ခု ဖြစ်ပါသည်။

ရေပေးဝေမှုတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုအခက်အခဲများ
၉။    မြို့ပြတိုးချဲ့ဖော်ထုတ်ခြင်းနှင့် မြို့ပြနေလူဦးရေ တိုးတက်များပြားလာခြင်းတို့ကြောင့်အောက်ပါ အခက်အခဲများ ကြုံတွေ့နေရပါသည်။ ၎င်းတို့မှာ-
(က)    ရေပေးဝေနိုင်အား(Supply) နှင့် ရေအသုံးပြုလိုအား (Demand) မျှတမှုမရှိခြင်း၊
( ခ )    တစ်မြို့လုံးအတိုင်းအတာဖြင့် လုံလောက်စွာ ဖြန့်ဖြူးပေးဝေနိုင်မှုမရှိခြင်း၊
( ဂ )    တိုးတက်လာမည့်လူဦးရေအတွက် ရေလုံလောက်စွာပေးဝေနိုင်မည့် အစီအစဉ်ကြိုတင်ရေးဆွဲနိုင်မှုမရှိခြင်း၊
(ဃ)    ရေပေးဝေရေးစနစ်ဟောင်း အနေဖြင့် ပြုပြင်ထိန်းသိမ်းစရိတ် လုံလောက်စွာ မရရှိခြင်းကြောင့် လေလွင့်မှုများပြားခြင်း၊
( င )    လုံခြုံစိတ်ချ၍ သန့်ရှင်းသောသောက်သုံးရေကို ဖြန့်ဖြူးပေးဝေနိုင်မှု မရှိခြင်းစသည်တို့သည် ရေပေးဝေမှုစနစ်တွင်ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်ပါသည်။

 

၁၀။    ရန်ကုန်မြို့တွင် ၂၀၄၀ ပြည့်နှစ်၌  လူဦးရေ (၁၀) သန်းဖြစ်လာနိုင်သည်ဟု ခန့်မှန်းထား ခြင်းကြောင့် ရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ချက်များစွာ လိုအပ်ပါသည်။ လက်ရှိလူဦးရေနှင့် တိုးပွားလာမည့် လူဦးရေအတွက် ရေပေးဝေနိုင်မည့် ရေအရင်းအမြစ် အသစ် များကို ရှာဖွေရန် လိုအပ်ပါသည်။  
ရေပေးဝေသည့် စီမံကိန်းများဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အခြေခံ အချက်များ
၁၁။    ရေနှင့်ပတ်သက်သော အခြေခံအဆောက်အုံများဖြစ်သည့် (ရေလှောင်ကန်နှင့် ရေသန့် စက်ရုံများ) ဆောက်လုပ်သည့်အခါ အနည်းဆုံး နှစ် (၅ဝ) မှ နှစ် (၁ဝဝ) လောက်အထိ ကြိုတင် မျှော်မှန်းပြီး တည်ဆောက်ကြရပါသည်။ ယခင်ဆောက်ခဲ့သည့်ဒီဇိုင်းများမှာ ရေရှည်ရာသီဥတုကို ခန့်မှန်း၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။  တစ်နှစ်လျှင် မုန်တိုင်းမည်မျှလာနိုင်ခြင်း၊ ပြင်းအား မည်မျှထိ အမြင့်ဆုံးရှိနိုင်ခြင်း၊ ဒီရေဘယ်နှစ်ကြိမ်တက်နိုင်ခြင်း၊ မည်မျှပမာဏရှိနိုင်ခြင်း စသည့် အချက်များအားလုံးကို ကြိုတင်ခန့်မှန်း၍ တွက်ချက်ထားရမည်ဖြစ်ပါသည်။ ထို့အပြင် လမ်းဘေး သန့်စင် ရေမြောင်းအနက်နှင့်အကျယ်၊ ရေပေးဝေရေးနှင့် ရေသန့်စနစ်များ၊ ဧရာမရေကာတာကြီး များ စသည့်စီမံကိန်းများအားလုံးသည် အထက်ပါ ခန့်မှန်းတွက်ချက်မှုများကို အခြေခံ၍ ဆောင် ရွက်ထားရမည်ဖြစ်ပါသည်။  
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်နေမှုများ
၁၂။    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) ဌာနသည် ပြည်သူများသောက်သုံးရေလိုအပ်ချက် ပြည့်မီရေးအတွက် ဂျိုးဖြူ၊ ဖူးကြီး ရေလှောင်ကန်ကြီးများ မှလည်းကောင်း လှော်ကားနှင့် ငမိုးရိပ် ရေသန့်စင်စက်ရုံများမှလည်းကောင်း ရေပေးဝေလျက် ရှိပါသည်။ တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာ၊ ဒဂုံ(တောင်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တို့၌လည်း စက်ရေတွင်းများတူးပြီး ရေရရှိရန်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁၃။    နေ့စဉ်ရေပေးဝေနေသည့် ရေဂါလန် (၂၀၅) သန်းသည် ရန်ကုန်မြို့နေ လူဦးရေအားလုံး၏ ရာခိုင်နှုန်း (၆၀) ခန့်ကိုသာပေးဝေနိုင်ပါသည်။ မြို့နယ်အားလုံး ရေပေးဝေနိုင်ရန်အတွက် ရေအ ရင်းအမြစ်အသစ်များ ရှာဖွေခဲ့ရာ လဂွန်းပြင် ရေလှောင်တမံမှ တစ်ရက်လျှင် ရေဂါလန် သန်း (၄၀) ပေးဝေမည့် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအသစ်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ပြီးစီးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန် ထားပါသည်။
JICA နှင့်ပူးပေါင်းဆောင်ရွက်မှုများ
၁၄။    ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်မြို့နယ်များရှိ ရေပေးဝေရေးလုပ်ငန်း၊ ရေဆိုး သန့်စင်ခြင်းလုပ်ငန်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများအတွက် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA  အကူအညီဖြင့် Master Plan ရေးဆွဲလျက်ရှိ ပါသည်။  
၁၅။    JICA (Japan International Cooperation Agency) နှင့် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၌ ၂၀၄၀ ပြည့်နှစ်တွင် တိုးလာမည့်လူဦးရေနှင့်အညီ ကောင်းမွန်ပြည့်စုံရန် ဇုန်နေရာ (၁၀) ခု ခွဲခြားသတ်မှတ်ပြီး ဇုန်အလိုက်၊ အကွက်အလိုက်ရေစုကန်နှင့် ရေတွန်း စက်ရုံများတည်ဆောက်ခြင်း၊ ရေမီတာစနစ်တကျတပ်ဆင်ပြီး ရေအလေအလွင့်ဆုံးရှုံးမှု စောင့်ကြည့် ထိန်းချုပ်ရေးစနစ်များတပ်ဆင်ခြင်း၊ သတင်းအချက်အလက်ရယူထိန်းချုပ်သည့် နည်းစနစ် တည်ဆောက်ခြင်း၊ ရေဖြန့်ဖြူးရေးပိုက်လိုင်းများ တည်ဆောက်ခြင်း စသည့်အနာဂတ်တွင် ကိုက်ညီမည့် ခေတ်မီရေဖြန့်ဖြူးရေးကွန်ရက်တစ်ခု တည်ဆောက်ရန် ရေးဆွဲလျက်ရှိပါသည်။
၁၆။    အလားတူ ကုက္ကိုဝမြစ်မှ တစ်ရက်လျှင် ရေဂါလန် သန်း (၂၄၀) ထုတ်ယူသုံးစွဲနိုင်ရန် စီစဉ် လျက်ရှိပြီး ပထမအဆင့်အနေဖြင့် သန်း (၆၀)၊ ဒုတိယအဆင့်အနေဖြင့် သန်း (၆၀) နှင့် တတိယ အဆင့်အနေဖြင့် သန်း (၁၂၀) ထုတ်ယူသုံးစွဲနိုင်ရန် စီမံကိန်းများရေးဆွဲခဲ့ပြီး ယင်းအတွက် အကြို အင်ဂျင်နီယာလုပ်ငန်းများ လုပ်ဆောင်နေပြီး ဂျပန်အစိုးရ၏ ချေးငွေရရှိရေးကိုလည်း လုပ်ဆောင် လျက်ရှိပါသည်။   
ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
၁၇။    စီမံကိန်းအသစ်တစ်ခုအဖြစ် လှိုင်မြစ်ရေတင် (ကွေ့တန်းရှည်) စီမံကိန်းမှာ မှော်ဘီမြို့နယ် ကွေ့တန်းရှည်ရွာအနီး လှိုင်မြစ်၏အငန်ဓာတ် လျော့နည်းသည့်အပိုင်းမှသန့်စင်၍ တစ်နေ့လျှင် ရေဂါလန် သန်း (၉၀) ခန့် ရရှိမည်ဟုမျှော်မှန်းထားပါသည်။ ယင်းစီမံကိန်းကိုပြုလုပ်ရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီသည် ပြည်တွင်းရှိပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
၁၈။    အဆိုပါရေပေးဝေမှုလုပ်ငန်းများအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင် ခြင်းသည် ပထမဆုံးအစီအစဉ်ဖြစ်ပါသည်။ ယင်းလုပ်ငန်းအတွက် MoU လက်မှတ်ထိုးရန် ပြင်ဆင်လျက်ရှိသည်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ သိရှိရပါသည်။ ယင်းစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ငမိုးရိပ်ချောင်းနှင့် အမှတ် (၇) လမ်းဆုံရာ စစ်ပင်တောင် ကျေးရွာအနီးတွင် သတ်မှတ်ထားပါသည်။
ရန်ကုန်မြို့ရေပေးဝေရေးလုပ်ငန်းအပေါ် တိုင်းဒေသကြီးလွှတ်တော်အတွင်း ဆွေးနွေးမှုများ နှင့် ပြည်သူတို့၏အမြင်
၁၉။    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်အနေဖြင့် ကျပ်သန်းပေါင်း (၁၂၇၉၁၇.၆၁၆) တောင်းခံထားပြီး ယင်းအထဲမှ (၅၀) ရာခိုင်နှုန်းဖြစ်သော ကျပ်သန်းပေါင်း (၆၄၄၈၉.၇၃၀) ကို ရေပေးဝေရေးလုပ်ငန်းအတွက် ဦးစားပေး ဆောင်ရွက်ရန်ဖြစ်ပါသည်။  ထိုကဲ့သို့ များပြားလှသော ဘဏ္ဍာငွေကို ရေပေးဝေရေး လုပ်ငန်းအတွက်သုံးစွဲခြင်းနှင့်အတူ ပြည်သူများ၏ ရေရရှိမှုပမာဏ တိုးတက်ကောင်းမွန်ခြင်း ရှိ/မရှိကိုလည်း စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း အကြံပြုမှုများလည်း ရှိခဲ့ပါသည်။
၂၀။    ရန်ကုန်မြို့နေပြည်သူအများစုသည် မြေအောက်ရေ သို့မဟုတ် အဝီစိတွင်းရေကိုသာ အားကိုးကြရာ မြေအောက်ရေအလွန်အကျွံ သုံးစွဲမှုကြောင့် အထပ်မြင့် အဆောက်အအုံနေ ပြည်သူ များအတွက် အန္တရာယ် အခက်အခဲရှိနိုင်ပါသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လိုလားမှုကို ထင်ဟပ်သော အမြင်အချို့ကိုလည်း ဖော်ပြလိုပါသည်။ နှစ်စဉ်ရေရှားပါးမှု အခြေ အနေ၊ စည်ပင်သာယာရေးအဖွဲ့များမှသေချာ စီမံခန့်ခွဲရန်လိုအပ်ပုံ၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ သုံးစွဲမည့်အခြေအနေ၊ ရေလှူအဖွဲ့အစည်းများ၏ အရေးပါပုံ၊ ရေသန့်ကိုသာ သုံးစွဲလိုမှုစသည် များကို ဖွင့်ဟပြောဆိုကြပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ရေဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်မှုများ
၂၁။    မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JICA) အကူအညီဖြင့် ပြည်ကြီးတံခွန်မြို့နယ်၏ လူဦးရေ (၃၀) ရာခိုင်နှုန်းကို ရေဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ADB ( Asia Development Bank) နှင့် AFD (Agence Francaise de Development) တို့၏ ကူညီထောက်ပံ့ငွေများဖြင့် အမရပူရမြို့နယ်အား ရေဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။
၂၂။    ၂၀၂၀ ပြည့်နှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ (အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာ အောင်မြေ၊ ချမ်းမြသာစည်) မြို့နယ် (၄) မြို့နယ်တွင်ရှိသော လူဦးရေ (၇) သိန်းအား ၂၄ နာရီ မပြတ် ရေပိုက်လိုင်းစနစ်ဖြင့် သန့်ရှင်းသောရေ ဖြန့်ဖြူးပေးနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။
၂၃။    ရေတစ်ယူနစ်လျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ဝန်ထမ်းလုပ်အားခ၊ ယာဉ်ယန္တရားငှားရမ်းခ တန်ဖိုး၊ ဓာတ်အားခ၊ လုပ်ငန်းသုံးပစ္စည်း၊ အထွေထွေကုန်ကျစရိတ်များအတွက် တစ်ယူနစ်လျှင် (၃၀၅) ကျပ်နှုန်း ကျသင့်သော်လည်း (၈၅) ကျပ်ဖြင့်သာ အရှုံးခံ၍ ကောက်ခံလျက်ရှိပါသည်။ ရေဖြန့်ဖြူးရေးအတွက် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရငွေတစ်ခုတည်းပင် ကျပ် (၃,၂၂၆) သန်း ရှိပြီး လျှပ်စစ်ဓာတ်အားခကို ကောက်ခံရငွေ၏ နှစ်ဆပေးဆောင်နေရပါသည်။
၂၄။    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ ရေဖြန့်ဖြူးရေးလုပ်ငန်းအတွက် ကျပ် (၅,၂၃၆) သန်းကျော် ကုန်ကျခဲ့ပြီး ရေမီတာ ကောက်ခံရရှိငွေသည် ကျပ် (၁,၅၂၇) သန်းကျော်သာ ရရှိခဲ့ သောကြောင့် ကျပ် (၃,၇၀၈) သန်း ကျော်အရှုံးပေါ်ခဲ့ပါသည်။  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ ရေဖြန့်ဖြူးရေးလုပ်ငန်းမှ ကျပ်သန်း (၃,၇၀ဝ) ကျော် အရှုံးပေါ်ခဲ့ကာ ရေပေးဝေရေး ဆုံးရှုံးမှု ပမာဏများပြားနေသဖြင့် ခေတ်နှင့်အညီပြောင်းလဲ ကောက်ခံမည်ဖြစ်ပါသည်။   
၂၅။    မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်လေးခုတွင် ဖြန့်ဖြူးပေးနေသည့် မီတာရေနှင့် ကျုံးရေအသုံးပြုခများကို ဧပြီ၊ မေ၊ ဇွန်လ မှစတင်ကာ သုံးလတစ်ရစ် ကောက်ခံမှု တွင် အိမ်သုံးရေမီတာ တစ်ယူနစ်လျှင် ယခင် (၈၅) ကျပ်မှ ယခု (၂၀ဝ) ကျပ်၊ စီးပွားရေးသုံး ယခင် (၁၁၀) ကျပ်မှ (၂၆၀) ကျပ်၊ ပြည်တွင်းလုပ်ငန်းရှင်များစက်ရုံသုံး ယခင် (၄၄၀) ကျပ်မှ ယခု (၆၆၀) ကျပ်၊ နိုင်ငံခြားလုပ်ငန်းရှင်များ စက်ရုံသုံး ယခင် (၈၈၀) ကျပ်၊ ယခု (၁,၁၀ဝ) ကျပ်ဖြင့်လည်းကောင်း ကျုံးရေအသုံးပြုခများကိုလည်း တပ်ယူသုံးစွဲသည့် ပိုက်လက်မအတိုင်း နှုန်းထားများဖြင့်လည်းကောင်း ပြောင်းလဲကောက်ခံမည်ဖြစ်ပါသည်။
၂၆။    ရေမီတာတိုးမြှင့်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးမှလည်း တိုးမြှင့်ကောက်ခံသည့် အခွန်ကို အလေအလွင့်မရှိစေဘဲ အသုံးပြုရန်၊ ရေပိုက်များကို ဦးစားပေး ပြုပြင်၍ ရေသန့်ရှင်းမှု လိုလားခြင်းတို့ကို တင်ပြခဲ့ပါသည်။
ရေရှားပါးမှုလျော့နည်းစေရန် ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးနေမှုများ
စင်ကာပူနိုင်ငံ
၂၇။    စင်ကာပူနိုင်ငံသည် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရေအခက် အခဲအများဆုံး ကြုံတွေ့ရသည့်နိုင်ငံလည်း ဖြစ်ပါသည်။ လက်ရှိတွင်ရေရရှိမှုသည် ပြည်တွင်း သောက်သုံးရေပမာဏ၏ (၅၀) ရာခိုင်နှုန်းသာရရှိပါသည်။ စင်ကာပူနိုင်ငံ၏တစ်နေ့တာ ရေလို အပ်ချက်သည် (၁.၄) ကုဗမီတာ သန်း လိုအပ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ရေလိုအပ်ချက် (၂) ဆ တိုးမြင့်လာမည်ဖြစ်ကြောင်း စင်ကာပူရေအရင်းအမြစ်ဌာနက ခန့်မှန်း ထားပါသည်။ စင်ကာပူရေအရင်းအမြစ်ဌာနသည် တိုးမြင့်လာမည့် လုပ်ငန်းများအတွက် ရေလိုအပ်ချက်၏ (၇၀) ရာခိုင်နှုန်း သုံးစွဲဖွယ်ရှိပြီး ရေအတွက်သုံးစွဲမည့်ဘဏ္ဍာငွေကို တိုးမြင့် သုံးစွဲမည် ဖြစ်ပါသည်။  ထို့ကြောင့် စင်ကာပူနိုင်ငံသည် ရေအရင်းအမြစ်စီမံခန့်ခွဲမှုကို အရေးကြီး သည့် နည်းဗျူဟာ တစ်ရပ်အဖြစ် ခံယူကျင့်သုံးလျက်ရှိပါသည်။
၂၈။    ၁၉၉၀ ပြည့်နှစ်မှစ၍ စဉ်ဆက်မပြတ်ရေပေးဝေအသုံးပြုမှုကို အဓိကရေမဟာဗျူဟာ ချမှတ်၍ ရေစီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများရရှိလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်တွင် ချမှတ်ထားသော စိမ်းလန်းစိုပြေရေးအစီအစဉ်၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဖြူးခြင်းနှင့် ထိန်းသိမ်းခြင်းတို့ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ သဘာဝပတ်ဝန်းကျင် နှင့် ရေအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာနသည် ၂၀၀၅ ခုနှစ် ရေအသုံးပြုမှုတွင် အဓိကကျသော အခန်းကဏ္ဍများကို ချမှတ်ထားပါသည်။ ယင်းကဏ္ဍများမှာ-
(က)    ရေပေးဝေမှုအရင်းအမြစ် ခိုင်မာအားကောင်းမှုကို ပိုမိုမြှင့်တင်ခြင်း၊
( ခ )    ထိရောက်သည့် ရေလိုအပ်ချက်စီမံခန့်ခွဲ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း၊
( ဂ )    စွမ်းဆောင်ရည် အားကောင်းသော ရေတွန်းပို့သည့် စက်ရုံများတည်ဆောက်ခြင်း၊
(ဃ)    ပုဂ္ဂလိကမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို လှုံ့ဆော်အားပေးခြင်း၊
(င) စင်ကာပူနိုင်ငံ ရေပေးဝေရေးဆိုင်ရာ ရေရှည်တည်တံ့ကောင်းမွန်စေရန် အတွက် အခြားရွေးချယ်ကျင့်သုံးနိုင်မည့် မူဝါဒများ၊ နည်းပညာများနှင့် မဟာဗျူဟာများ အား ဖော်ထုတ်လေ့လာရန်တို့ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ၏ နည်းဗျူဟာကောင်း (၄) မျိုး
၂၉။    စင်ကာပူနိုင်ငံသည် ကွဲပြားခြားနားသော ရေအရင်းအမြစ်ဖော်ထုတ်ခြင်းနှင့် ရေဖြန့်ဖြူးမှု မဟာဗျူဟာ (၄) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းမဟာဗျူဟာများမှာ-
(က)    မြို့ပြနယ်မြေများအတွက် ရေပေးဝေမှုကို ရေလှောင်တမံများ၊ ရေနုတ်မြောင်းများ ဖြင့် ရေသိုလှောင်၍ ရေပေးဝေသည့်စနစ်၊
( ခ )     စင်ကာပူနိုင်ငံ၏ ရေလိုအပ်ချက်များ ဖြည့်စွက်ရန် မလေးရှားနိုင်ငံ ဂျိုဟာ ပြည်နယ်မှ  ရေများဝယ်ယူ၍ ပေးဝေသည့်စနစ်၊
( ဂ )    NEWater စနစ်သည် စက်ရုံများမှ ထွက်ရှိသော ရေများကို သန့်စင်၍ သောက်သုံး ရေအဆင့်မှီသည့် ရေအဖြစ်ထုတ်လုပ်၍ ဖြန့်ဝေသည့်စနစ်၊
(ဃ)    ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြုလုပ်သည့်စနစ်များဖြစ်ပါသည်။
၃၀။    ပထမ၊ တတိယနှင့် စတုတ္ထနည်းမဟာဗျူဟာများသည် စင်ကာပူနိုင်ငံ ရေအရင်းအမြစ် ရှာဖွေဖော်ထုတ်ပေးရာတွင် ပိုမိုအရေးပါလာသည့် ရည်မှန်းချက်များဖြစ်လာသည့် ၎င်းဗျူဟာ (၃) ရပ်မှာ စိန်ခေါ်မှုများစွာရှိနေသည့် ဗျူဟာများဖြစ်သည်ကို ဖော်ပြထားပါသည်။  
ဂျပန်နိုင်ငံ
၃၁။    ဂျပန်နိုင်ငံ၏ သန့်ရှင်းသော ရေဖြန့်ဖြူးသုံးစွဲမှုစနစ်သည် ကမ္ဘာတွင် ထိပ်တန်းဦးဆောင် နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရေဖြန့်ဖြူးမှုလုပ်ငန်းတွင် တိကျသော ရည်မှန်းချက်၊ မူဝါဒ ဖြင့် တိုင်းတာသောစံနှုန်းများနှင့် ခေတ်မီပြီးဖွံ့ဖြိုးမှုရှိသော နိုင်ငံတော်ဖြစ်ပြီး ရေသုံးစွဲမှုကို သုံးစွဲသူ ကသာ သုံးစွဲမှုအလိုက် ကျခံရပြီး (၁) ယူနစ်လျှင် ရေသုံးစွဲမှုဈေးနှုန်းနှင့် (၁) ယူနစ်အတွက် ကုန်ကျမှု ကွာခြားမှုမရှိသည်ကိုလည်း တွေ့ရှိရပါသည်။
၃၂။    ဂျပန်နိုင်ငံတွင် ပထမဆုံး ခေတ်မှီရေဖြန့်ဖြူးပေးဝေခြင်းစနစ်ကို ၁၈၈၇ ခုနှစ် ကတည်းက စတင်ခဲ့ပါသည်။ ၎င်းစနစ်တွင် ကူးစက်ရောဂါမှ ကင်းဝေးသည့် သောက်သုံးရေသန့်စင်ပြီးမှ ဖြန့်ဖြူးမှု ကို ဦးစားပေးခဲ့သည်။ ရေပေးဝေခြင်း စီမံခန့်ခွဲသည့်ဥပဒေ(Waterworks Act) ကို ၁၉၅၇ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ရေပေးဝေခြင်း စီမံခန့်ခွဲသည့်ဥပဒေတွင် ပါဝင်သော အချက်များမှာ -
(က)    သောက်ရေအရည်အသွေး စံချိန်မှီကောင်းမွန်ရန်၊
( ခ )    သောက်သုံးရေထုတ်ရာတွင် လိုအပ်သောစက်ပစ္စည်းများ စံချိန်ပြည့်မှီရန်၊
( ဂ )    ရေအရည်အသွေးစံသတ်မှတ်ချက်နှင့် ထောက်ခံချက်များအတွက် လိုင်စင်ထုတ် ပေးရန်၊
(ဃ)    ထိရောက်စွာ ရေသုံးစွဲ လည်ပတ်မှုစနစ်၊
( င )    ရေသုံးစွဲမှုကို ကြီးကြပ်မှု၊
( စ )    အစိုးရ၏ဘဏ္ဍာငွေထောက်ပံ့မှု၊
(ဆ)    အခြားစည်းမျဉ်းစည်းကမ်းများ စသည်တို့ကို ပြဋ္ဌာန်းထားပါသည်။
၃၃။    ဂျပန်နိုင်ငံ၏ရေပေးဝေသည့်ဌာနသည် ရေအရည်အသွေး စစ်ဆေးခြင်း၏နှစ်စဉ် စီမံကိန်း များ၊ ရေအရည်အသွေး စစ်ဆေးခြင်းများ၏ ရလဒ်များ၊ ဌာနအဖွဲ့အစည်း၏ ဖွဲ့စည်းပုံများ၊ အခွန် ကောက်ငွေ၊ လုပ်ငန်းကုန်ကျငွေများနှင့် ရေပေးဝေရန် တပ်ဆင်နေရာချထားခြင်း၊ စက်ပစ္စည်းများ စသည့်အချက်အလက်များကို အများပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးပါ သည်။

ရေနှင့်စပ်လျဉ်းသည့် ဥပဒေများပါ အချက်များအား လေ့လာဖော်ပြချက်
၃၄။    ရေနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသည့်ဥပဒေများအဖြစ် ရေခွန်နှင့်တာတမံခွန် ဥပဒေ (၁၉၈၇)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ(၂၀၁၆)နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေ(၂၀၁၃) စသည်တို့ကို ပြဋ္ဌာန်းထားပါသည်။
၃၅။    အဆိုပါပြဋ္ဌာန်းထားသည့် ဥပဒေများတွင် ရေခွန်နှင့်တာတမံခွန်ဥပဒေသည် စိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိကပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေသည် ရေကြောင်းဆိုင်ရာနှင့် မြစ်ချောင်းထိန်းသိမ်းခြင်းဆိုင်ရာအတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ မြို့ပြရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိပါ။
၃၆။    ၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမှတ် (၆) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်း ထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ရေပေးဝေရေးလုပ်ငန်းများနှင့် မိလ္လာ သန့်စင်ရေးလုပ်ငန်းခေါင်းစဉ်ဖြင့် အခန်း ၁၀၊ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) မှ (ထ)ထိ ပြဋ္ဌာန်းထား သည်ကို တွေ့ရှိရပါသည်။
ပုဒ်မခွဲ (က)။    အများပြည်သူများသန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ ရရှိ ရေးအတွက် ရေပေးရေးလုပ်ငန်းများကို စီမံဆောင်ရွက်ခြင်း။
ပုဒ်မခွဲ (ခ)။    ရေတိုးချဲ့ပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်အသစ်များ ရှာဖွေ သတ်မှတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ရေကန်များ၊ ရေလှောင် ကန်များ၊ စက်ရေတွင်းများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်း။
ပုဒ်မခွဲ (ဂ)။    ရေလွှဲ ရေပို့ ပိုက်မကြီးများ၊ ရေပိုက်လိုင်းများ ဆက်သွယ်တပ်ဆင် ခြင်း၊ ရေတွန်းစက်၊ ရေပို့စက်များတပ်ဆင်အသုံးပြုခြင်း၊ ယင်းတို့ ကို ပြုပြင်ထိန်းသိမ်းခြင်း။
ပုဒ်မခွဲ (ဃ)။    ရေပိုက်လိုင်းများမှ သောက်သုံးရေကို ခွင့်ပြုချက်ဖြင့် နေအိမ်၊ အဆောက်အအုံအတွင်းသို့ ရေသွယ်ပိုက်ဖြင့် ဆက်သွယ်အသုံးပြု ခွင့်ပေးခြင်း၊ သုံးစွဲခွင့်ပြုခြင်း။
ပုဒ်မခွဲ (င)။ ရေပေးသွင်းရန်စီမံထားရှိသော ရေကန်များနှင့် ရေလှောင်ကန်များ တွင် ရေချိုးခြင်း၊ လျှော်ဖွပ်ခြင်း၊ ရေဆေးကြောခြင်း သို့မဟုတ် ရေကို တစ်နည်းနည်းဖြင့် ညစ်ညမ်းစေခြင်း မပြုလုပ်ရန်တားမြစ်ခြင်း။
ပုဒ်မခွဲ (စ)။    ကျန်းမာရေးနှင့်မညီညွတ်ကြောင်း တွေ့ရှိရသည့် အများပြည်သူနှင့် သက်ဆိုင်သော ရေပေးရေးလုပ်ငန်း၊ ကိုယ်ပိုင်ရေပေးရေးလုပ်ငန်း တို့ကို ပိတ်ပင်တားမြစ်ခြင်း။
ပုဒ်မခွဲ(ဏ)။ ရေအရင်းအမြစ်ရရှိရေးနှင့် ရေပေးသွင်းရေးလုပ်ငန်းများ၊ မိလ္လာ သန့်စင်ရေးလုပ်ငန်းများအတွက် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့်မဆို ညှိနှိုင်းသဘောတူပြီး စည်းကမ်းချက်များသတ်မှတ်၍ လုပ်ကိုင် ခွင့်ပြုခြင်း သို့မဟုတ် ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့် ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း။
၃၇။    ၎င်းပြဋ္ဌာန်းချက် ပုဒ်မခွဲ (၇) ခုသည် ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သောပုဒ်မများ ဖြစ်သည်ကို တွေ့ရှိရပါသည်။

နိဂုံး
၃၈။ အစိုးရကိုသာအားထားရသည့် မြို့ပြရေပေးဝေရေးစနစ်မှ ခေတ်မီမြို့ပြရေပေးဝေရေးစနစ် ပေါ်ထွန်းရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ရန်လိုအပ်ပါသည်။ ထို့ကြောင့် အမျိုးသားရေးတာဝန် (National responsibility) တစ်ရပ်အနေဖြင့် အစိုးရနှင့်ပြည်သူပူးပေါင်း၍ အလေးထားဆောင်ရွက်သင့်ပါသည်။ မြို့ပြရေပေးဝေရေးကဏ္ဍကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံလိုသူများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အစိုးရမှရေပေးဝေမှုဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်း (Policies & Regulation)များကို ဆောင်ရွက်ပေးရန်မှာ အရေးကြီးသည့် ကဏ္ဍဖြစ်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လေ့လာသိရှိနိုင်ရန် ရေးသားတင်ပြခြင်းဖြစ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။