Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

           ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ယခု (၁၆)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Covid-19) ကပ်ရောဂါအခြေအနေကြောင့် လျာထားကာလထက်နောက်ကျပြီး ကျင်းပခဲ့ရတာဖြစ်ပါတယ်။ ဒီအစည်းအဝေး ကာလအတွင်းမှာ မဖြစ်မနေဆောင်ရွက်ကြရမယ့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း အပါအဝင် သတ်မှတ်ကာလအတွင်း အချိန်မီ ဆုံးဖြတ် အတည်ပြုကြရမယ့် လွှတ်တော်လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

           ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကာလအတွင်း  ဆောင်ရွက်ရန်ရှိတဲ့ ဥပဒေကြမ်း၊ အဆို၊ မေးခွန်းများအနက် ဥပဒေကြမ်းများနဲ့ ကြယ်ပွင့်ပြမေးခွန်းများကို သတ်မှတ်ချက်များအတိုင်း ဦးစားပေး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ယခု အစည်းအဝေးကို အချိန်တိုကာလအတွင်း ဆောင်ရွက်ရန် လျာထားပြီး (Covid-19) ကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း ကိုယ်စားလှယ်များအတွက် အဆင်ပြေဆုံးဖြစ်အောင် တတ်နိုင်သရွေ့ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားရင်း ကြိုဆို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

 

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်