Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၂၄  ရက် )

၁။        ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၄၀၁ )ဦး တက်ရောက်သည်။
၂။     လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
            (၁)    ဦးဘိုကြီး၊ ချောက် မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားအရင်းအမြစ်များ တင်ပြ တောင်းခံရန်နှင့် ပြည်ထောင်စုအစိုးရက ပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က အဓိက လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်း မူနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြားအရင်းအမြစ်များကိုလည်း ခွဲဝေ ရရှိသည့် ခွင့်ပြုရန်ပုံငွေအတွင်းမှ ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၂)    ဦးလာမာလေး၊ ဆော့လော် မဲဆန္ဒနယ်က  မေးမြန်းသော ကချင်ပြည်နယ် တရား လွှတ်တော် အဆောက်အဦအသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိရေး အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေကွက်အား ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ကချင်ပြည်နယ် တရားလွှတ်တော် အဆောက်အဦသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကချင်ပြည်နယ် တရားလွှတ်တော်ရုံး အဆောက်အဦသစ် ဆောက်လုပ်ခွင့်ကိုသာ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြေနေရာအား အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန(ရုံးချုပ်) အမည်ပေါက်အတိုင်းသာ ဆက်လက်ထားရှိ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၃)    ဦးနေစိုးအောင်၊ ဝန်းသို မဲဆန္ဒနယ်က မေးမြန်းသော ဝန်းသိုမြို့နယ်၊ တောင်ကုန်း ကျေးရွာအုပ်စု၊ ကျောက်ပါးစပ်ကျေးရွာအား ပြည်ထဲရေးအမည်ပေါက်ကျေးရွာ အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကျောက်ပါးစပ်ကျေးရွာအား တရားဝင်အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးရွာသစ် ဖွဲ့စည်းခြင်းအမှုတွဲအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
        (၄)    ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်း မဲဆန္ဒနယ်က မေးမြန်းသော ဖလမ်း မြို့နယ်၊ သီးဆင်အုပ်စု၊ ဝေဠုဝန်စခန်းကို ဒေသခံပြည်သူများ၏ အခေါ်အဝေါ်နှင့် ကိုက်ညီသော ဗားလုံ(Valung)ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ထုံး လုပ်နည်းနှင့်အညီ အမှုတွဲပြုစု ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အမှုတွဲ  တည်ဆောက်ပြီးတင်ပြလာပါက ဗားလုံကျေးရွာအဖြစ် စိစစ်တင်ပြဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၅)    ဦးနေမျိုးထက်၊ ကျောက်တံတား မဲဆန္ဒနယ်က ပြည်သူများ လျှပ်စစ်သုံးစွဲမှု ပိုမို ကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် အလေအလွင့်မဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး YESC(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ MESC (မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ ESE တို့အား ပြုပြင် ပြောင်းလဲရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးတို့ကို နိုင်ငံတော်၏မူဝါဒနှင့် အညီ ဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို အလေးထား ဆောင်ရွက်နိုင်ရေးအတွက် PPP Investment Model အပါအဝင် နည်းလမ်း မျိုးစုံကို ဆန်းစစ်၍ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ကာ အဆင့်လိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆)    ဒေါ်နန်းထွေးသူ၊ ဖားဆောင်း  မဲဆန္ဒနယ်က မေးမြန်းသော ဖားဆောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လစ်လပ်နေသော လျှပ်စစ်ဝန်ထမ်းများအား အမြန်ဆုံး ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဖားဆောင်းမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် နေ့စားဝန်ထမ်းခန့်ထားနိုင်ရေးအတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာအား အဆိုပြုတင်ပြရန် ညွှန်ကြားထားခဲ့ပြီး နေ့စား(၁)ဦး လျှောက်ထား လာပါကြောင်းနှင့်ခန့်ထားရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၇)    ဦးအောင်သိုက်၊ ဆိပ်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လက်ဆည်ကျေးရွာနှင့် ညောင်နီ ချောင်းကျေးရွာတို့တွင် ( ၆၆/၁၁ KVA ) ( 5 MVA )ဓာတ်အားခွဲရုံ(၂)ရုံ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲထားပြီးဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုချက် ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
     ( ခ )    ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
            အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၃။    ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်နှင့်အချိန်ကို ထပ်မံကြေညာမည်ဖြစ်ပါသည်။