ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် | Pyithu Hluttaw Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၁၄  ရက် )

 


 

၁။        ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၁ )ဦး အနက် ( ၃၇၅ )ဦး တက်ရောက်သည်။
၂။     လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ပြည်သူ့လွှတ်တော် ကော်မတီ(၁၅)ခု၏ သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်သို့အသိပေး
        တင်ပြခြင်း
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီ(၁၅)ခု၏သက်တမ်းကို  ၃၁-၁-၂၀၂၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။
    (ခ)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
            (၁)    ဦးဝမ်းလှ၊ နန်းယွန်း မဲဆန္ဒနယ်က မေးမြန်းသော နန်းယွန်းမြို့နယ်ရှိ ပြည်သူများ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရန် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ပေးမည့် အစီအမံများအား သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပန်ဆောင်မြို့တွင် နယ်စပ်ဈေးဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်း နှင့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေးနည်းလမ်းကို နှစ်နိုင်ငံအပြန်အလှန် ညှိနှိုင်း အတည်ပြုပြီးသည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၂)    ဒေါ်အေးမြမြမျိုး၊ ကျောက်တန်း မဲဆန္ဒနယ်က  မေးမြန်းသော မြေယာလျော်ကြေး ပေးအပ်ရန် ကတိပေးညှိနှိုင်းထားသည့်အတိုင်း တိကျသည့်အချိန် သတ်မှတ်ပေး ပါရန်နှင့် ပြန်လည်နေရာချထားရေး လျော်ကြေးနစ်နာကြေးပေးအပ်ရေးကို တိကျ ခိုင်မာပြီး မျှတသောမူဝါဒဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက သိမ်းဆည်းခံမြေကိစ္စအချို့သည် ရိုးရှင်းမှုမရှိဘဲ သိမ်မွေ့နက်နဲသောကြောင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် စိစစ်နေဆဲဖြစ်သည့်အတွက် တိကျသည့် အချိန် သတ်မှတ်ပေးရန် ခက်ခဲမည်ဖြစ်ကြောင်းနှင့် ကော်မတီ၏ အဆုံးအဖြတ် အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၃)    ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံအတွင်း ဆောင်ရွက်လျက် ရှိသော သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့၏ အခြေအနေများနှင့်ပတ်သက်ပြီး သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံများ ပါဝင်လာရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ချေးငွေသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုး၍  သင့်လျော်သော ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ရွေးချယ်တည်ဆောက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        (၄)    ဦးကျော်တင်၊ ဆော မဲဆန္ဒနယ်က မေးမြန်းသော ဆောမြို့နယ်၊ ရေရှင်ကျေးရွာရှိ ရေရှင်မြောင်း(ငါးရွာမြောင်း)တွင် ကွန်ကရစ်ကျောက်တိုင်(၄)တိုင်နှင့် အစွန်းနှစ်ဖက် ခေါင်းနှုတ်သီး(၂)ခုတို့ကို ရေရှည်ခိုင်ခံ့မည့် ကျောက်တိုင်ကြီးများအဖြစ် အမြန်ဆုံး တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေသွယ်လျောက်ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တည်ရှိနေသည့်အတွက်  ချင်းပြည်နယ် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး  ရန်ပုံငွေရရှိမှုအရ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
            (၅)    ဦးဌေးမင်းသိန်း၊ ကြို့ပင်ကောက် မဲဆန္ဒနယ်က မေးမြန်းသော  ကြို့ပင်ကောက် မြို့နယ် ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ အနောက်ဂုမ္မကွင်းကျေးရွာ တောင်သူ လယ်သမားများ၏ လယ်များမှ ကောက်ပဲသီးနှံများ ကျေးရွာအရောက်သယ်ယူရန် မြို့လယ်ချောင်းကူးတံတား(ကုန်ထုတ်တံတား) တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစားပေးအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၆)    ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က မေးမြန်းသော လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်း ပြုနေကြသော တောင်သူများအတွက် လယ်ယာ လုပ်ငန်းခွင်၌ လိုအပ်သော လယ်ယာသုံးစက်ကိရိယာ၊ သွင်းအားစုဓာတ်မြေဩဇာ၊ လယ်ယာသုံးပစ္စည်းများကို ပြည်တွင်း၌ပင် စက်ရုံများတည်ထောင်ကာ ထုတ်လုပ် ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး ပြည်တွင်း၌ စက်ရုံများတည်ထောင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နှင့် ပြည်တွင်းလုပ်ငန်းရှင်များမှလည်း စက်ရုံများ တည်ထောင် ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇)    ဦးဝင်းနိုင်၊ မိုးကောင်း မဲဆန္ဒနယ်က မေးမြန်းသော မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြေပုံအား မည်သည့်အချိန်တွင် အတည်ပြုထုတ်ပြန်ပေးနိုင်မည်ကို  သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တိုင်းတာရရှိပြီးသည့် မြေပုံနှင့်ပတ်သက်၍ လမ်းနယ်နိမိတ်များ၊ မီးရထားလမ်း နယ်နိမိတ်များကို နယ်နိမိတ်သတ်မှတ်ရေး အရာရှိ(Boundary Officer) ဖြစ်သူ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ သက်ဆိုင်ရာဌာနများ၏ တည်ဆဲ ဥပဒေများနှင့်အညီ အတည်ပြုသတ်မှတ်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက် လျက်ရှိပြီး အတည်ပြုချက်ရရှိပြီးမှသာ မြေငှားဂရန်များ လျှောက်ထားနိုင်ရေး အတွက် သက်သေခံမြေပုံ (မြေစာရင်းပုံစံ-၁၀၅)နှင့် ဦးပိုင်တစ်ခု၏မြေရာဇဝင် (မြေစာရင်းပုံစံ-၁၀၆) တို့ကို ဆက်လက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
     (ဂ)        ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း
        အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၈-၂-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။    ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၁၈-၂-၂၀၂၀ ရက် (အင်္ဂါနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။