Skip to main content

ဒုတိယအကြိမ် လွှတ်တော်များ၏ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် အထိမ်းအမှတ်အမှာစကား

ဒုတိယအကြိမ်လွှတ်တော်များရဲ့ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပေးကြတဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပထမအကြိမ်လွှတ်တော် သက်တမ်းတွင်တာဝန် ထမ်းဆောင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဒီနေ့ဆိုရင် ဒုတိယအကြိမ်လွှတ်တော်များရဲ့သက်တမ်းဟာ (၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို ဒုတိယ အကြိမ်လွှတ်တော်များရဲ့နောက်ဆုံးနှစ်သို့ရောက်ရှိလာပြီလို့လည်း ပြောလို့ရပါတယ်။ ၂၀၁၁ ခုနှစ် မှာစတင်ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်များရဲ့ဖြတ်သန်းမှု ကာလဟာလည်း ဒီကနေ့ဆိုရင် (၉)နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်း(၅)နှစ်နဲ့ ယခုဒုတိယ အကြိမ်သက်တမ်းကာလတွေမှာ လွှတ်တော်များရဲ့အဓိကတာဝန်ဖြစ်တဲ့ ပြည်သူကိုကိုယ်စားပြု ခြင်း၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် ဥပဒေများ ဆွေးနွေးအတည်ပြုခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်များကို လွှတ်တော်တစ်ရပ်ချင်း အနေဖြင့်သော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ခဲ့တာတွေအတွက်လည်း အသိအမှတ်ပြုကျေးဇူးတင် ကြောင်းကို ဒီနေရာကနေ ပြောကြား လိုပါတယ်။

လက်ရှိအချိန်ဟာ နိုင်ငံသားပြည်သူအားလုံးက မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီးပေါ်ထွန်းလာရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းနေတဲ့ကာလ ဖြစ်တာနဲ့အညီ ပြည်သူကိုကိုယ်စားပြုတဲ့ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ ဘယ်နေရာမှာ ရှိတယ်၊ ဘယ်လောက်အရေးကြီးပါတယ်ဆိုတာကို အားလုံးသိရှိပြီးသားဖြစ်မယ်လို့ ယုံကြည် ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ (၄)နှစ်ရှိလာပြီဖြစ်တဲ့အတွက် ကိုယ်စားလှယ် တစ်ဦးချင်းစီရဲ့အရည်အသွေး၊ လွှတ်တော်ကော်မတီများရဲ့လုပ်ငန်း စွမ်းဆောင်ရည်နဲ့ လွှတ်တော်ဝန်ထမ်းများရဲ့အရည်အသွေးများဟာ အတွေ့အကြုံများလာတာနဲ့အမျှ တိုးတက် မြင့်မားလာတာကို ဝမ်းမြောက်စွာမြင်တွေ့နေရပြီဖြစ်ပါတယ်။ သို့ပါသော်လည်း လွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော်ဝန်ထမ်းများဟာ မိမိတို့ရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်များကို အမြဲတမ်းတိုးတက်နေဖို့အတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်နေကြရအုံးမှာပဲ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် မြင့်မားတိုးတက် လာစေဖို့ အဖက်ဖက်မှကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့လွှတ်တော်များဟာ ဥပဒေပြုရေး၊ အပြန်အလှန် ထိန်းညှိရေးနဲ့ မဲဆန္ဒရှင်ပြည်သူတွေကိုကိုယ်စားပြုရေး တာဝန်တွေကို အဓိကထားပြီး ထမ်းဆောင်နေကြရပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင် တောင့်တင်းခိုင်မာဖို့အတွက် လွှတ်တော်များရဲ့ အခန်းကဏ္ဍဟာ လွန်စွာမှအရေးကြီးပါတယ်။ လွှတ်တော်များ ခိုင်မာအားကောင်းလာစေရန် အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီကလည်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များ ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် လိုအပ်သလို မိမိတို့သက်တမ်းကာလအတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးနဲ့ ပိုမိုခိုင်မာအားကောင်းတဲ့ ဥပဒေပြု မဏ္ဍိုင်တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှုများနဲ့ ကြုံတွေ့နေရတဲ့ ကာလဖြစ်တဲ့အတွက် မိမိတို့လွှတ်တော်အနေဖြင့် မိမိတို့နိုင်ငံအပေါ် မမှန်မကန်စွပ်စွဲချက် များနှင့်ပတ်သက်ပြီး AIPA, IPU အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး ပကတိ ဖြစ်စဉ်မှန်သိရှိရေးအတွက် ရှင်းလင်းတင်ပြခြင်း၊ ခုခံချေပခြင်းတို့ကို တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံသားပြည်သူအားလုံးက မိမိတို့ရဲ့လူမှုစီးပွားရေးကိစ္စများ အဆင်ပြေ ကောင်းမွန်ရေးနှင့် ဘဝလုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးတို့ကို ဆန္ဒပြင်းပြစွာ မျှော်လင့်လျှက် ရှိကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း မှန်ကန်တဲ့ စိတ်ရင်းစေတနာပါတဲ့ လုပ်နည်းလုပ်ဟန် အမျှော်အမြင်ကြီးမားတဲ့ကြိုးပမ်းမှုများနဲ့ ပြည်သူတွေကိုမျက်နှာမူပြီး စည်းလုံး ညီညွတ်စွာနဲ့ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်