ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား | Pyithu Hluttaw Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ယခုပုံမှန်အစည်းအဝေး ကာလအတွင်းမှာ အစည်းအဝေးကျင်းပရက် (၁၈)ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၂၈) ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၄၆၀)ခု ဖြေကြားခြင်း များ ဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းနည်းကြောင်း အဆိုတစ်ခုအပါအဝင် အဆို (၄) ခု တင်သွင်းခဲ့ပြီး အတည်ပြုအဆို(၂) ခု၊ အတည်မပြု အဆို(၁) ခုနဲ့ မှတ်တမ်းတင်အဆို (၁)ခုတို့ ဖြစ်ကြပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၀)ခု ရှိပြီး ဥပဒေကြမ်း (၁၀)ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၀)ခု ကျန်ရှိပါတယ်။

ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး ကတိသစ္စာပြုခြင်း၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီနဲ့ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ ကော်မတီတို့တွင် ကော်မတီအဖွဲ့ဝင်များ ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်း၊   အမျိုးသမီးနှင့်   ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ  အဖွဲ့ဝင်(၁)ဦး ပယ်ဖျက်ခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃)ဦးကို ကော်မတီများတွင် လေ့လာသူများအဖြစ် အစားထိုး လဲလှယ်တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင်ကော်မတီ(၁၇)ခုရဲ့ နှစ်ပတ်လည် အစီရင်ခံစာများကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်းစုံစမ်းမေးမြန်းမှု(၄၀)ခု ပြန်ကြားပေးခြင်းနဲ့ သုတေသန စာတမ်းတို(၁၀)စောင်ကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီနေ့ကာလဟာ ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်ကို‌ ဖော်ဆောင်နေတဲ့ ကာလဖြစ်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် မဖြစ်မနေဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ကိစ္စတွေကို မိမိတို့အားလုံး လက်တွဲညီညီနဲ့ ဆောင်ရွက်သွားကြရမယ့်ကာလဖြစ်ပါတယ်။ သွေးစည်းညီညွတ်ရမယ့် အချိန်ဖြစ်တာ ကြောင့် “စည်းလုံးခြင်းသည်အင်အား” ဆိုတဲ့အတိုင်း အသိနဲ့ သတိရှိရမဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ သမိုင်းအစဉ်အလာကို ပြန်ကြည့်ရင် အချင်းချင်းသွေးကွဲတဲ့အခါ တိုင်းပြည်နစ်နာခဲ့တာ တွေကို သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုအကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေကို ပါတီအဖွဲ့ အစည်းမခွဲခြားဘဲ မိမိတို့အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြည်သူကို ကိုယ်စားပြု ရေးတာဝန်၊ အပြန်အလှန် ထိန်းညှိရေးတာဝန်နဲ့ ဥပဒေပြုရေး တာဝန်တွေကို တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို သမာသမတ်ကျစွာနဲ့ အပြုသဘောဆောင်ပြီး လုပ်ဆောင်ပေးကြပါ။ ပြည်သူ လူထုက လေးစားတန်းဖိုးထားရတဲ့ ကိုယ်စားလှယ်ကောင်းများဖြစ်အောင် အစဉ်အမြဲကျင့်ကြံဆောင်ရွက်ကြ ပါ။ ပြည်သူတွေရဲ့ယုံကြည်မှုပိုမိုရရှိစေရန်နဲ့ ပြည်သူတွေကိုယ်တိုင် ပါဝင်ခွင့်ရှိတဲ့ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ ခိုင်မာအားကောင်းစေဖို့ ပြည်သူတွေနဲ့အတူ လက်တွဲကူညီ ဆောင်ရွက် ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။

ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာဖြောင့်ဖြူးကြပါစေ။ ဘေးအန္တရယ်ကင်း ဝေးကြပါစေ။ နိုင်ငံတော်နဲ့ နိုင်ငံသားများ အားလုံးကို စောင့်ရှောက်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ် ကြပါစေ။ ပြန်လည်ကျင်းပမယ့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း ကျန်းမာ ရွှင်လန်းစွာနဲ့ ထပ်မံ ဆုံတွေ့ကြပါစို့လို့ ဆုမွန်ကောင်းတောင်းရင်းနိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

၂၀၁၉ ခုနှစ်၊  ဒီဇင်ဘာလ  ၁၉  ရက်