ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားရပါသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူး အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ချစ်ခင်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား

ယနေ့အချိန်အခါတွင် မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ရည်မှန်းမျှော်လင့်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

Covid-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကောင်းမွန် လာစေရေးအတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက် ရှိသဖြင့် တိုင်းရင်းသား ပြည်သူများ အားလုံးကလည်း ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံ တင်ပြလိုပါတယ်။

ယခုလို နှစ်သစ်မင်္ဂလာ အခါသမယမှာ တိုင်းရင်းသား ပြည်သူများအားလုံး ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ၊ တစ်ဦးအပေါ် တစ်ဦး သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းများနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

 

ရုပ်သံဖိုင်ကြည့်ရှုရန်

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်

 

 

Standard (Image)