Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးဟာ ယနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်းမှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄) ဦးနဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၈) ဦးတို့ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အစည်းအဝေး ကျင်းပရက် (၁၇) ရက် ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၂၇)ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၄၃၈) ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဆို (၉) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၃) ခု၊ မှတ်တမ်းတင်အဆို (၃) ခု တို့ဖြစ်ပြီး တင်သွင်းပြီး ဆွေးနွေးရန် ကျန်အဆို (၃) ခု ဖြစ်ပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း (၂၆) ခု ရှိပြီး ဥပဒေကြမ်း (၉) ခု ကို အတည်ပြု နိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၇) ခု ကျန်ရှိပါတယ်။ နည်းဥပဒေ (၁) ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကော်မတီ (၁၂) ခု ရဲ့ အစီရင်ခံစာများကို အတည်ပြုခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ယနေ့လို ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နေတဲ့ကာလမှာ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ကိစ္စများကို မိမိတို့အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီ ညွတ်ညွတ်နဲ့ ဆောင်ရွက်သွားကြရမယ့်အချိန် ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များဟာ အရည်အချင်းပြည့်ဝနေဖို့လိုအပ်သလို ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ လွှတ်တော်များ ခိုင်မာအားကောင်းနေဖို့လည်းလိုအပ်ပါတယ်။ ဒါ့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ ဆက်ဆံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြရာမှာ ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲတွေ မထားရှိဘဲ အများပြည်သူအကျိုး၊ ပြည်ထောင်စု အကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက် ကြမယ်လို့ ခံယူထားကြရပါမယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် မေးခွန်းတွေ၊ အဆိုတွေကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကဖြစ်စေ ဆောင်ရွက်တဲ့ကိစ္စတွေကို အမြဲတမ်း အားပေးကြိုဆိုရမှာပဲ ဖြစ်ပါတယ်။ ထို့အတူပဲ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေနဲ့ ပြင်ဆင်သင့်တဲ့ ဥပဒေများကိုပြင်ဆင် ပြဋ္ဌာန်း နိုင်ရေးဟာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ပြည်သူ့အသံ၊ ပြည်သူ့ သဘောထားနဲ့ ပြည်သူတို့ရဲ့မျှော်လင့်ချက်များကို အလေးထားဆန်းစစ်သုံးသပ်ပြီး လက်တွေ့ နယ်ပယ်မှာ ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက လိုက်နာကျင့်သုံးနိုင်ရေးကို လွှတ်တော်ကထိန်းညှိကူညီ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိုင်ငံသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရိုင်းပင်းသည့် စိတ်ဓာတ်အပြည့်ရှိသော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ဖို့ ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်မှုအင်အားနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမယ့် အရေးကြီးဆုံးကိစ္စကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်ကို မိမိတို့ လွှတ်တော်က ကြိုဆိုဂုဏ်ပြုပါကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊  နိုင်ငံရေးပြဿနာများကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (NCA) မှာ ပူးပေါင်းပါဝင် လာနိုင်ရေးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဥပဒေပြုရေး တာဝန်ကို တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ ပြည်သူ့ကြားက ပြည်သူ့ကိုယ်စားလှယ်များအဖြစ် စဉ်ဆက်မပြတ်ထိတွေ့ ဆက်ဆံဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ဖို့ ပြည်သူလူထုအင်အားနဲ့ (Public Democratic Participation) ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းက သွေဖည်သွားစေနိုင်တဲ့ အန္တရာယ်များကိုလည်း မျက်ခြည်မပြတ် သတိပြုကာကွယ်ပေးကြပါ။ မိမိတို့ မဲဆန္ဒနယ်မြေအလိုက် အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးကဏ္ဍတွေ တည့်မတ်မှန်ကန်အောင် ထိန်းညှိဆောင်ရွက်ပေးကြပါ။ ဒီလိုဆောင်ရွက်တဲ့အခါ ကိုယ်စားလှယ်လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်ရစေအောင်လည်း သတိပြုဆောင်ရွက်ကြပါ။ ပြည်သူတွေကို ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံပြီး ယုံကြည်အားကိုး တန်ဖိုးထားရတဲ့ ကိုယ်စားလှယ်များဖြစ်အောင် အစဉ်ကြိုးစားဆောင်ရွက်ကြပါ။ “ကိုယ်စားလှယ်များရဲ့ ခရီးလမ်းများ သာယာဖြောင့်ဖြူးပြီး ဘေးအန္တရာယ်ကင်းကြပါစေ။ နိုင်ငံတော်အကျိုးကို ဆထက် ထမ်းပိုးရွက်ဆောင်နိုင်ကြပါစေ။ ဆက်လက်ကျင်းပမယ့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှာလည်း ကျန်းမာရွှင်လန်းစွာနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ” လို့ ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်