Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြက်ခြေနီ အသိပညာပြန့်ပွားရေး ဆွေးနွေးပွဲသို့တက်ရောက် အမှာစကား ပြောကြား

ကြက်ခြေနီအသိပညာပြန့်ပွားရေး  ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လွှတ်တော်ကိုယ် စားလှယ်များ၊ လွှတ်တော်ရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ခုနှစ်ကတည်းက စတင်၍ အိန္ဒိယနိုင်ငံကြက်ခြေနီ အသင်း၏ အသင်းခွဲအဖြစ် ဆောင်ရွက်ခြင်းမှ အစပြုခဲ့ပါကြောင်း၊  ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်း (The Burma Red Cross Society) ဟူ၍ အမျိုးသား အသင်းအဖြစ် သီးခြားရပ်တည်နိုင်ခဲ့သည့်အပြင် ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အသိအမှတ်ပြုမှုကို လည်းရရှိခဲ့ပါကြောင်း၊ ၁၉၄၆ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင်‌့လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC)၏ အသင်းဝင်ဖြစ် လာခဲ့ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို လူမှုကရုဏာ အသင်းအဖြစ် အမြဲတမ်းရပ်တည် ဆောင်ရွက်နိုင်ရန် "၁၉၅၉ ခုနှစ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအက်ဥပဒေ (1959၊The Burma Red Cross Act)"ကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ၁၉၇၁ခုနှစ်နှင့် ၁၉၈၈ခုနှစ်များတွင် ပြင်ဆင်မှုများလည်းပြုလုပ်ခဲ့ပါကြောင်း။

အဆိုပါအက်ဥပဒေသည် နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်လာခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏  ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်နှင့်အခန်းကဏ္ဍများကို ပြောင်းလဲလာ သည့် ဒီမိုကရေစီခေတ်စနစ်များနှင့် လိုက်လျောညီထွေရှိစေရန် အသစ်ရေးဆွဲခဲ့ကြပြီး "မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ"ကို (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၊ ၅၂/ ၂၀၁၅) ဖြင့်လွှတ်တော်ကပြဋ္ဌာန်းပေးနိုင်ခဲ့ပါကြောင်း၊ လိုအပ်ချက်များ ထပ်မံဖြည့်စွက်၍ "မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ" ကို (ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်၊ ၁၈/၂၀၁၈) ဖြင့် ပြင်ဆင်နိုင်ခဲ့ပါကြောင်း၊ ဥပဒေကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံးဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ကြက်ခြေနီအမှတ်အသားကို အလွဲသုံးခြင်းမှကာကွယ်နိုင်ရန် "ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေ"ကို မူကြမ်းရေးဆွဲပြီးဖြစ်သည့်အတွက် အတည်ပြုပြဋ္ဌာန်းနိုင်ရန် လွှတ်တော်များကကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်း လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)အပါအဝင် အခြားသောကြက်ခြေနီ အသင်းများ၊ အမျိုးသားလခြမ်းနီအသင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် "မဟာဗျူဟာရည်မှန်းချက်များနှင့်လုပ်ဆောင်ရန်အချက်များ(၂၀၁၆-၂၀၂၀)"ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက်များစွာ ဂုဏ်ယူပါကြောင်း။

နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ် ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်များတွင် ကြက်ခြေနီ လှုပ်ရှားမှုများနှင့်အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ခွဲခြားမှုမရှိဘဲ ကြက်ခြေနီအခြေခံမူများနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးနေသည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ဝင်များကို လွှတ်တော်မှ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယက နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအား တွေ့ဆုံလမ်းညွှန်မှုများပြုခဲ့သည်မှာ အသင်း၏စေတနာ့ဝန်ထမ်း ဆောင်ရွက်မှု များကို အလေးထားခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပူးပေါင်းပါဝင်မှုနှင့် ပံ့ပိုး ကူညီမှုများဖြင့် အသင်း၏ရည်ရွယ်ချက်များ ပိုမိုပြည့်စုံအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်း အစီအစဉ်ကို ထည့်သွင်းပေးထားသည့်အတွက် အပြန်အလှန်နှီးနှောဖလှယ်မှုများ မှတစ်ဆင့် ကြက်ခြေနီဆိုင်ရာအသိပညာများ ပြန့်ပွားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါ်လာ မည်ဖြစ်ပါကြောင်း။

"ဆင်းရဲဒုက္ခများလျော့နည်းသက်သာစေရန်"အတတ်နိုင်ဆုံးကူညီဆောင်ရွက်ရန်ဆိုသည့် ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် "လူတိုင်းကို အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ(Everywhere for Everyone)" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူမှုကရုဏာလုပ်ငန်းများကို နေရာဒေသ မရွေးဆောင်ရွက်ပြီး ကြက်ခြေနီလှုပ်ရှားမှုများ ပိုမိုထိရောက်အောင်မြင်မှုရရှိပါစေကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် လူမှုဂရုဏာအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ Senior Advisor ဦးမိုးမြင့်အောင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ မြန်မာနိုင်ငံ အတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) မှ Senior Management Service Manager ဦးကျော်ဦးခိုင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)တို့မှ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ က ရခိုင်ပြည်နယ်အတွင်း လူမှုဂရုဏာအကျိုးပြုလုပ်ငန်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး များမှ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင် ကွန်ယက်ကို အခြေပြုသည့်ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ တက္ကသိုလ်၊ ကောလိပ်၊ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံကျောင်း အစရှိသည့် ကြက်ခြေနီ အသင်းအဆင့်ဆင့်ဖြင့် လူမှုဂရုဏာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး အသင်းအနေဖြင့် နှစ်စဉ် ပျှမ်းမျှလူဦးရေ ၅ သိန်းကျော်ခန့်အတွက် လူမှုဂရုဏာ အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။          

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်